သြစတြေးလျအိုးပင်း တင်းနစ် ဗိုလ်လုပွဲတွင် ဝီလျံညီအစ်မနှစ်ဦး ဆုံတွေ့

ဓာတ်ပုံ - ဘီဘီစီ
အမေရိကန်တင်းနစ်မယ် ညီအမနှစ်ဦးဖြစ်တဲ့ ဗီးနပ်စ်ဝီလျံနဲ့ ဆရီနာဝီလျံတို့နှစ်ဦးဟာ သြစတြေးလျ အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသမီး တဦးချင်း ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ နိုင်ခြေအဆင့် ၁၃ သတ်မှတ်ခံထားရတဲ့ ဗီးနစ်ဝီလျံက  အဆင့်သတ်မှတ်ချက်မရှိတဲ့ အမေရိကန်တင်းနစ်မယ် ဗန်ဒီဝီဂယ်ကို ၇ - ၆၊ ၂ - ၆၊ ၃ - ၆ နဲ့ အနိုင်ရခဲ့တာပါ။ နိုင်ခြေအဆင့် ၂ ဆရီနာဝီလျံကတော့ ခရိုအေးရှားတင်းနစ်မယ် ဘာရွန်နီကို ၆ - ၁၊ ၆ - ၂  ရလဒ်နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဝီလျံညီအစ်မနှစ်ဦးဟာ ဂရင်းစလင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ ၉ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ပြီးခဲ့တဲ့ ၈ ကြိမ်မှာတော့ ညီမဖြစ်တဲ့ ဆရီနာဝီလျံက ၆ ကြိမ် အနိုင်ရခဲ့ပြီး ဗီးနပ်စ်ဝီလျံက ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဗိုလ်လုပွဲတက်လာတဲ့ ဗီးနပ်စ်အတွက် ဂုဏ်ယူမိပြီး ဖိုင်နယ်တက်ရောက်ရေးဟာ နှစ်ဦးစလုံးရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဆရီနာက ပြောပါတယ်။ ဗီးနပ်စ်ဝီလျံဟာ အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ပြီး မိမိအပေါ် နိုင်ပွဲအများဆုံးရရှိတဲ့သူဖြစ်တယ်လို့ ဆရီနာဝီလျံက ပြောပါတယ်။ အသက် ၃၅ နှစ်ရှိ ဆရီနာဝီလျံဟာ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲမှာ ၂၂ ကြိမ်အထိ ချန်ပီယံဆုရရှိခဲ့ပြီး ဗီးနပ်စ်ဝီလျံကတော့ ဂရင်းစလင်းချန်ပီယံ ၇ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။ အမေရိကန်ညီအစ်မနှစ်ဦးရဲ့ ဗိုလ်လုပွဲကို လာမယ့် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ အမျိုးသားတဦးချင်း ပွဲစဉ်တွေမှာတော့ ဆွစ်ဇာလန်က နိုင်ခြေအဆင့် ၁၇ ရော်ဂျာဖက်ဒရာက ဗိုလ်လုပွဲတက်ခဲ့ပြီး စပိန်က ရာဖေးလ်နာဒယ်နဲ့ ဘူလ်ဂေးရီးယားက ဒီမီထရော့ဗ်တို့ပွဲမှာ အနိုင်ရတဲ့သူနဲ့ ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up