Home
မြန်မာသတင်း
စစ်ပွဲဇုန်အတွင်း ရေကာတာတည်ဆောက်ရေး မြှင့်တင်မည့်အစီအစဉ်ကို ကန့်ကွက်
နော်နိုရင်း
·
January 27, 2017
ရေကာတာတည်ဆောက်ရေးမြှင့်တင်ဖို့အတွက် ရန်ကုန်၊ မြစ်ကြီးနားနဲ့ လွိုင်ကော်မြို့တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေပြုလုပ်မယ့်အစီအစဉ်ကို မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက်နဲ့ သံလွင် ထိန်းသိမ်း ကာကွယ်ရေးကွန်ရက်အဖွဲ့တို့က ကန့်ကွက်လိုက်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ဌာနခွဲတခုဖြစ်တဲ့ နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းကနေပြီး ရေကာတာ တည်ဆောက်ရေးမြှင့်တင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေကို ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်ဖို့ရှိပြီး၊ ၃၁ ရက်မှာ မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ လွိုင်ကော်မှာ ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေဟာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပြီး ထိလွယ်ရှ လွယ်တဲ့ မဟာရေကာတာများအစီအစဉ်ကို မလုပ်သင့်ဘူးလို့ သံလွင်ထိန်းသိမ်းကာကွယ်ရေး ကွန်ရက်က စောသာဘိုးက ပြောပါတယ်။ “အဓိကက ဒီအခြေအနေမှာ မလုပ်သင့်သေးဘူးလို့ ပြောတယ်။ ဘာကြောင့်လဲဆိုရင်တော့ အရေးကြီးတာက ကျနော်တို့ ဖယ်ဒရယ်ဒီမိုကရေစီပုံစံသွားမယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးမှုကို အရင်ဆုံး ပြီးအောင်လုပ်ဖို့ ကျနော်တို့က ဦးစားပေးဆောင်ရွက်စေချင်တယ်။ နောက်တခုက သူတို့အနေနဲ့ ဒီလိုအလုပ်ရုံဆွေးနွေးပွဲကို ကျနော်တို့ သဘောမတူတာတော့မဟုတ်ဘူး။ သို့သော်လည်း ပြဿသနာက သူတို့တွေအနေနဲ့ ကျနော်တို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်တာမျိုး အားနည်းတယ်။ ပြီးတော့ သူတို့တွေအနေနဲ့ ဒေသအခြေနေ ပဋိပက္ခ ထိလွယ်ရှလွယ်တဲ့ အခြေအနေ ကို သူတို့ နားမလည်နေဘူး။” ဒါ့အပြင် မြန်မာမြစ်ချောင်းတွေအပေါ် ဆောက်လုပ်မယ့် မဟာရေကာတာအစီအစဉ်တွေဟာ ပြည်တွင်းစစ်ကိုပိုမိုဖြစ်စေပြီး ကာလကြာရှည်စွာလူထုအများဆန့်ကျင်လာတဲ့ စီမံကိန်းတွေဖြစ်တယ်လို့ လည်း ကွန်ရက်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာအစိုးရစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ထောင်ချီတဲ့လူထုတွေ ထွက်ပြေးနေရသလို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတွေအနေနဲ့ သဘာဝသံယံဇာတတွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်မရှိတဲ့အပြင် မြန်မာနိုင်ငံမြစ်ချောင်းတွေ တစ်လျှေက်မှာ နှစ်ရှည်လများ ပဋိပက္ခဖြစ်နေတဲ့ အတွက်လည်း ဒီစီမံကိန်းတွေကို ပြင်းပြန်းထန်ထန်ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်နဲ့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်မှာ ကချင်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရှမ်း၊ ကူကီး၊ ပအိုဝ်း၊ ရခိုင်၊ လားဟူ၊ အာခါနဲ့ တခြားလူမှုအရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေပါဝင် ဖွဲ့စည်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024