မယ်ဆိုင်တွင် မူးယစ်ကုန်သည်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်၊ ၅ ဦး သေ
DVB
·
January 27, 2017
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းကျေးရွာအုပ်စု ဒွိုင်ဖာမီတောင်ပေါ်မှာ ဇန်န၀ါရီ ၂၆ ရက် ညက မူးယစ်ဆေးဝါးကုန်သည်အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ခဲ့ပြီး မူးယစ်ကုန်သည် ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်လို့ ထိုင်းနယူးစ်အေဂျင်စီသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါနယ်မြေထဲ တဘက်နိုင်ငံက မူးယစ်ဆေးဝါးတွေ ဖြတ်သန်းဝင်ရောက်လာဖို့ ရှိကြောင်း ကြိုတင်သတင်း ရထားတဲ့အတွက် အမှတ် ၃ ဒေသ ထိုင်းရဲတပ်ဖွဲ့ လက်အောက်ခံ ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေဟာ မနေ့ညဦးပိုင်းကတည်းက လူစုခွဲပြီး ကြိုတင်နေရာယူခဲ့တယ်လို့ ဆိုပါတယ်။
ည ၉ နာရီခွဲလောက်မှာတော့ ကျောပိုးအိတ်တွေ လွယ်ထားတဲ့ လူတစု တောထဲက ဖြတ်လာတဲ့အတွက် စစ်ဆေး မေးမြန်းရန် ရပ်ခိုင်းတဲ့အခါ တဘက်က ရပ်မပေးဘဲ စတင်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အမှတ် ၃ ထိုင်းစစ်တပ် တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပြီးတဲ့နောက် နယ်မြေရှင်းလင်းရာမှာ မူးယစ်ကုန်သည်ဘက်က သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၂ ဦး တွေ့ရှိပြီး အချို့က ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ နယ်မြေရှင်းလင်းရေး မပြီးဆုံးသေးတဲ့အတွက် အဲဒီနယ်မြေထဲ ဖြတ်သန်းသွားလာမှု ယာယီကန့်သတ်ထားတယ်လို့ ဆိုပါတယ်။