စစ်ကိုင်းတိုင်းတွင် အတင်းအဓမ္မ ငွေကောက်ခံမှုများ ရှိနေဆဲ
DVB
·
December 7, 2011
အရပ်သားအစိုးရအဖြစ် ပြောင်းလဲလိုက်ပေမယ့် အရင် စစ်အစိုးရလက်ထက်ကလို ကျေးရွာတွေဆီကနေ အတင်းအဓမ္မ ငွေကောက်ခံနေတယ်လို့ သိရပါတယ်။
ပြန်ကြားရေးနဲ့ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ စစ်ကိုင်းတိုင်ဒေသကြီး ပုလဲမြို့နယ် မင်တိုင်ပင်ကျေးရွာက အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဆောက်ဖို့ ပုလဲမြို့နယ်အတွင်းက ကျေးရွာတွေကနေ ကျပ်ငွေ ၂ သိန်းကနေ ၃သိန်းအထိ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေထံမှတဆင့် အတင်းအဓမ္မ ကောက်ခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဝန်ကြီးက ဒီကျောင်းဆောင်အသစ် ဆောက်ဖို့အတွက်က သူ သိန်း ၃၀၀ မတည်ထားတယ်ပေါ့နော်။ ကျန်တဲ့ ၃၀၀ က ပုလဲတနယ်လုံးက ရွာတွေက ခွဲတမ်းချ ပြီးတော့မှ ပေးရတာ။ တချို့ရွာတွေကျတော့ သတ်မှတ်ချက်နဲ့ပေါ့နော်။ ၂ သိန်း ၃ သိန်း အဲဒီလို ကောက်ခံတယ်။ နောက် မင်းတိုင်ပင်မှာ ရှိတဲ့ လူတွေအတွက်ကျတော့ သူတို့က အလှူငွေအဖြစ်ပေါ့နော် သူတို့ သဒ္ဒါသလောက် တောင်းခံတာပေါ့။ ကျန်တဲ့ ကျေးရွာတွေကိုတော့ ခွဲတမ်းချလိုက်တာပေါ့ မပေးမနေရ စနစ်ဖြစ်သွားတာပေါ့။”
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
ပုလဲမြို့နယ် မင်တိုင်ပင်ရွာ ကျောင်းဆောင်သစ် ဖွင့်ပွဲခရီးစဉ်ကို လာရောက် ကြိုဆိုဖို့အတွက်လည်း ဦးကျော်ဆန်းက တရွာကို ၅ ဦးနူန်းနဲ့ မလာမနေရ ဆင့်ခေါ်တယ်လို့လည်း သိရပါတယ်။