မဟာဗန္ဓုလတံတားတွင် ကားမှောက်၊ တဦး သေဆုံး
နော်နိုရင်း
·
December 7, 2011
ရန်ကုန် မဟာဗန္ဓုလတံတားပေါ်မှာ ဒီနေ့ညနေ ၄ နာရီလောက်က သန်လျင်ကနေ ရန်ကုန်မြို့တွင်းကိုလာတဲ့ ခရီးသည်တင် ဘီအမ်ကားတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး တဦး သေဆုံးသွားပါတယ်။
မျက်မြင်တဦးက “သူက သန်လျင်ဘက်ကလာတယ်ပေါ့ ဘီအမ်ကား၊ အဲဒီမှာ သူတို့ မဟာဗန္ဓုလတံတား ကုန်းကျော်တော့ ကုန်းအတက်ပေါ့ဗျာ။ အဲ့ဒီမှာ ဘရိတ်ပေါက်ပြီးတော့ ညာဘက်အခြမ်းကနေပြီးတော့ လာတာ ဘယ်ဘက်အခြမ်းဘက်ထိ ဆွဲသွားတာပဲ။ ကားအရှိန် မထိန်းနိုင်တော့ပဲ ရဲကင်းတခု ဝင်တိုက်၊ ဂျီတီစီက ကျောင်းသူလေးတွေ ကျောင်းသားလေးတွေ ပါတယ်ပြောတယ်။ အခု လောလောဆယ် သိရတာကတော့ တယောက်သေတယ်” လို့ ပြောပါတယ်။
သေဆုံးသွားသူဟာ ယာဉ်နောက်လိုက်ဖြစ်ပြီး ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင်ကုသထားပါတယ်။ ကားပေါ်မှာလည်း ကျောင်းသူကျောင်းသားတွေအပါအဝင် လူ ၃ဝလောက် တင်ဆောင်လာတယ်လို့ ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန တာဝန်ကျ ဆရာမတဦးက “ဆေးရုံရောက်လာပါတယ်။ လူနာတွေ အများကြီးရောက်လာလို့ ဘယ်သူတွေ ပါတယ်ဆိုတော ပြောလို့ မရဘူးနော်။ ၂၀ တော့ ကျော်တယ်၊ အတိအကျတော့ မသိသေးပါဘူး။ ပြင်းထန်တာတွေလည်း ရှိသလို နည်းတာတွေလည်း ရှိတယ်။ အဲဒီလိုမျိုးကတော့ သေချာပြောလို့ မသိသေးဘူး။ အခုလောလောဆယ် လာနေကြတုန်းပဲ” လို့ ပြောပါတယ်။
မဟာဗန္ဓုလ တံတားအဆင်းဟာ မကြာခဏဆိုသလို ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။