မိုဂါဒစ်ရှူးဟိုတယ်ဝင်ပေါက်ကို အသေခံကားဗုံးခွဲသူဝင်တိုက်၊ လုံခြုံရေးတပ်ဖွဲ့ရောက်ချိန် ဗုံးဖောက်ခွဲ (ရုပ်သံ)

ဆိုမာလီနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးက ဟိုတယ်ဝင်ပေါက်ကို အသေခံကားဗုံးခွဲသူလို့ သံသယရှိသူက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဝင်တိုက်ခဲ့ပါတယ်။ အခင်းဖြစ်ရာကို သတင်းထောက်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စုရုံးရောက်လာချိန်မှ ဒုတိယဗုံးတလုံးကို ဖောက်ခွဲခဲ့တဲ့အတွက် သတင်းထောက်တွေ ဒဏ်ရာရခဲ့ပါတယ်။ ဆိုမာလီ စစ်သွေးကြွအုပ်စု အယ်လ်ရှာဘတ်က တိုက်ခိုက်ခဲ့တာလို့ သူတို့အုပ်စုနဲ့နီးစပ်တဲ့ ရေဒီယိုက အစီရင်ခံပါတယ်။ လက်နက်ကောင်းကောင်းကိုင်ထားတဲ့ မူဂျာဟစ်တိုက်ခိုက်ရေးသမားတွေက ဟိုတယ်ကို တိုက်ခိုက်ခဲ့ပြီး အခုတော့ ဟိုတယ်ထဲမှာ တိုက်နေတယ်လို့ အယ်လ်ရှာဘတ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အန်ဒါလပ်စ်ရေဒီယိုက အစီရင်ခံပါတယ်။ တိုက်ခိုက်ခံ ဒါယာဟိုတယ်မှာ နိုင်ငံရေးသမားတွေ မကြာခဏ တည်းခိုလေ့ရှိပြီး သေဆုံးသူတွေရှိကြောင်း သတင်းစကား မကြားရဘဲ လူအတော်များများ ဒဏ်ရာရတယ်လို့ အစီရင်ခံထားပါတယ်။ အယ်လ်ရှာဘတ်တွေဟာ ၂၀၁၁ ခုနှစ်ထိ မိုဂါဒစ်ရှူးမြို့တော်နဲ့ နိုင်ငံအစိတ်အပိုင်း အများအပြားကို ထိန်းချုပ်ခဲ့ဖူးပါတယ်။ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရကို ဖယ်ရှားချင်တယ်၊ နိုင်ငံကို အစ္စလာမ္မစ်ဥပဒေနဲ့ အုပ်ချုပ်စေချင်တယ်လို့ ပြောရင်း မြို့တော်ကို ဗုံးနဲ့ သေနတ်သုံး တိုက်ခိုက်မှုတွေ မကြာခဏလုပ်လေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က အာဖရိကသမဂ္ဂ စစ်တပ်နဲ့ ဆိုမာလီစစ်တပ်တို့က အယ်လ်ရှာဘတ်တွေကို မြို့ပြခြေကုပ်တွေကနေ မောင်းထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျေးလက်ဒေသအခြေစိုက် စခန်းတွေမှာတော့ လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up