Home
သုံးသပျခကျြ
YBS စနစ်နှင့် ရှေ့စိန်ခေါ်မှုများ - အယ်ဒီတာစကားဝိုင်း
DVB
·
January 25, 2017
ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ တာဝန်ယူထားတဲ့ မထသကို ဖျက်သိမ်းပြီး YBS လို့ခေါ်တဲ့ စနစ်သစ်တခုကို ဇန်နဝါရီလ ၁၆ ရက်နေ့က အစားထိုးပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီစနစ်ကို စတင်တဲ့အချိန်ကစပြီး နေ့တိုင်းလိုလို အဆင်မပြေမှုတွေ အများကြီးတွေ့နေရပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့တွင်း ခရီးသည်ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲတရပ်ကို လိုအပ်နေတဲ့ ပြည်သူလူထုတွေ အပါအဝင် စေတနာ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိက အဖွဲ့အစည်း အသီးသီးကလည်း အင်တိုက်အားတိုက် လူအင်အား၊ ပစ္စည်းအင်အား ရုပ်ဝတ္ထုမျိုးစုံနဲ့ ကူညီကြတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် YBS စနစ်ဟာ ရှေ့ဆက်ပြီးတော့ စိန်ခေါ်မှုတွေ အများကြီး ရှိနေပါသေးတယ်။ ဒီနေ့ အယ်ဒီတာစကားဝိုင်းအစီအစဉ်မှာ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ အမြင်သဘောထားတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ကိုဇေယျာလှိုင်နဲ့ စာရေးဆရာ ကိုနေဘုန်းလတ်တို့ ဖြစ်ပါတယ်။ ဦးခင်သန်း (ဒီဗွီဘီ) “အားလုံးပဲ ကျနော်တို့ အတွေ့အကြုံတွေအရ ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက YBS စနစ်ကို စပြီးတော့ ခံစားနေကြရပြီပေါ့နော်။ ဒီမှာ အခက်အခဲတချို့၊ ညည်းညူသံတွေ၊ မကျေလည်မှုတွေလည်း တွေ့နေရပါတယ်။ အဲဒီတော့ ဒီစနစ်မှာ ပြောကြတဲ့အသံတွေ အထွက်များဆုံးကတော့ ကားအစီးရေ မလုံလောက်တဲ့ ပြဿနာပေါ့နော်။ ဒါကို လူတွေ အဓိကထား ပြောနေကြတယ်။ မနက် ရုံးတက်ချိန်၊ ညနေ ရုံးဆင်းချိန်တွေမှာ အဆိုးဆုံးပဲ။ အဲဒီတော့ ကိုနေဘုန်းလတ်ကို ကျနော် မေးချင်ပါတယ်။ နည်းနည်း ကသောင်းကနင်းဖြစ်နေတဲ့ အနေအထားက ဒီစနစ် စကျင့်သုံးဖို့အတွက် သေသေချာချာ စစ်တမ်းမကောက်ခဲ့လို့ ဖြစ်ရတဲ့ သဘောမျိုးလို့ ပြောနေကြတယ်။ ကြိုတင်ပြင်ဆင်မှုပေါ့နော်။” ကိုနေဘုန်းလတ် “အဓိကကတော့ ကျနော်တို့ ဖြစ်စေချင်တာက Research and Development ပေါ့နော်။ သေချာ သုတေသနပြုပြီး အချက်အလက်တွေ စုဆောင်းပြီးတော့ စနစ်တကျ လုပ်မှသာလျှင် ဖွံ့ဖြိုးမှုဆီ သွားနိုင်မှာ။ အခုဟာကျတော့ စမ်းလုပ်ကြည့်တဲ့ သဘောမျိုးတွေ တော်တော်များများ တွေ့ရတယ်။ အပြောင်းအလဲကတော့ လုပ်ကိုလုပ်ရမယ့်ကိစ္စပါ။ လုပ်လည်းလုပ်ရမယ်။ ပြည်သူလည်း လက်ခံတယ်။ ဒါပေမယ့်လည်း တကယ်လို့ စနစ်တကျသာ သေချာစီစဉ်ပြီးမှ လုပ်ခဲ့မယ်ဆိုရင် ဒီလောက် ကသောင်းကနင်း မဖြစ်ဘူးပေါ့နော်။ အခုဟာက တော်တော်လေးကို ကသောင်းကနင်းဖြစ်တယ်။ အားလုံးကလည်း ဝိုင်းကူရတယ်။ ကျနော်တို့ဆို တချို့အချက်အလက်တွေဆို ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်းမှာပဲ ဟိုဟာပြောင်းလိုက်၊ ဒီဟာတွေထပ်တိုးလိုက်ဆိုတဲ့ အခြေအနေတွေကလည်း Research မရှိခဲ့ဘူးဆိုတဲ့ အနေအထားတခုကို လက်ခံရမှာ ဖြစ်ပါတယ်။” ဦးခင်သန်း (ဒီဗွီဘီ) “ဟုတ်ကဲ့။ ကိုဇေယျာလှိုင်ကိုလည်း မေးချင်ပါတယ်။ ကြားရတဲ့ သတင်းတခုကလည်း မထသကနေ YBS ကို ပြောင်းလိုက်တယ်၊ ဒါပေမယ့် မော်တော်ကားကလည်း ဒီကားပဲ။ စတေကာခွာပြီး ကပ်လိုက်တယ်။ မောင်းတဲ့သူကလည်း ဒီယာဉ်မောင်း။ စပယ်ယာကလည်း ဒီစပယ်ယာ။ အဲဒီတော့ သူတို့တွေမှာ Mind Set က ကျန်နေတုန်းပဲ။ အခု ကျနော်တို့ ကြားနေရတာတွေက ယာဉ်စီးခ ပိုတောင်းတဲ့ ပြဿနာတို့။ နောက်တခုက ခရီးသည်အပေါ်မှာ ဆက်ဆံတဲ့ အနေအထားကလည်း ၁၆ ရက်နေ့ တရက်လောက်ပဲ နည်းနည်းလေး ပြောင်းသလို ဖြစ်ပေမယ့် နောက်ပိုင်း ဒုံရင်း ဒုံရင်းပဲ။ အဲဒီတော့ ကိုဇေယျာလှိုင်၊ ဒီလို ပြောင်းပေမယ့် ယာဉ်မောင်းတွေ၊ စပယ်ယာတွေရဲ့ Mind Set မပြောင်းနိုင်ဘဲနဲ့ ဒီစနစ် အောင်မြင်နိုင်မလား။” ကိုဇေယျာလှိုင် “ဟုတ်ကဲ့။ ခုနက ဦးခင်သန်း ပြောတဲ့အထဲမှာ ကားဟောင်းတွေပဲ စတေကာ ပြောင်းကပ်တယ်၊ ဒီလူတွေပဲ၊ ဒီယာဉ်မောင်းတွေပဲ။ အဲဒီထက်ပိုလာတဲ့ ပြဿနာတခုက ကျနော်တို့ အရင်သွားနေကျလမ်းကြောင်းတွေ ပျောက်သွားတာပဲ။ ခုနက ကိုနေဘုန်းလတ် ပြောသလိုပဲ ဒါ အချိန်ယူပြီးတော့ Mind Set ပြောင်းဖို့ဆိုတာက အချိန်တော့ တော်တော်ယူရတဲ့ကိစ္စ။ ပြည်သူတွေနဲ့ ကျနော်တို့ သိချင်တဲ့ကိစ္စက အဲဒီ ဇန်နဝါရီ ၁၆ ရက်နေ့မှ မပြောင်းရင် မရတော့ဘူးလားလို့ပေါ့။ အဲဒီမေးခွန်းကို လူထုက သိချင်တာပေါ့နော်။ အဲဒီနေ့မှ မပြောင်းဘူးဆိုရင် ဝန်ကြီးချုပ်က သူ့တာဝန်ကနေ တခုခု ဖြစ်မှာလားပေါ့။ ကျနော်တို့က အပြောင်းအလဲကို လိုလားတယ်။ ဒါကြောင့်မို့လည်း ဒီပါတီကို လူထုက ရွေးချယ်ခဲ့တာ။ အပြောင်းအလဲ လုပ်ရမယ်ဆိုတာ လက်ခံတယ်။ ဒါပေမယ့် ဘယ်နည်းနဲ့ ပြောင်းမလဲဆိုတဲ့ ပုံစံပေါ့လေ။ ဒီမှာ ကျနော်တို့ မြင်ရတာက အိမ်ကြီးတလုံးကို ဖြိုပြီး ပြန်ဆောက်မယ်ဆိုရင်တောင်မှ အဲဒီအိမ်မှာနေတဲ့ မိသားစုဝင်တွေကို လုံခြုံတဲ့ တနေရာရာမှာ ကျနော်တို့ ထားပေးပြီးမှ ဒီအိမ်ကို ဖြိုလိုက်ဖို့လိုတယ်။ အခုမြင်ရတာက အိမ်ပြင်မယ်ပေါ့။ အိမ်ကတော့ ပြင်ကိုပြင်ရတော့မှာ။ အိမ်က ဆွေးနေပြီဆိုတော့။ ချက်ချင်း ဝုန်းခနဲ ဖျက်လိုက်ပြီးကာမှ ဒီအိမ်မှာနေတဲ့ မိသားစုဝင်တွေက ဘယ်မှာနေရမှန်း မသိဘဲနဲ့ အခုမှ ဟိုဘေးအိမ်က လာနေပါဦး၊ ဟိုအိမ်က ထမင်းစားပါဦး ခေါ်တဲ့ပုံစံ ဖြစ်နေတဲ့အခါကျတော့ အားလုံးက ကသောင်းကနင်းပေါ့လေ။ အမှန်ကတော့ တနေရာမှာ လုံခြုံတဲ့ အိမ်ကလေးတခု ထားပေးပြီးမှ ဒီအိမ်ကို အသစ်ပြန်ဆောက်ပြီး ပြန်တည်မယ်ဆိုရင်တော့ ပြောင်းလဲမှုက ပိုပြီး အဆင်ပြေမှာပါ။” ဦးခင်သန်း (ဒီဗွီဘီ) “ဟုတ်ကဲ့။ ကိုနေဘုန်းလတ် မေးချင်ပါတယ်။ ဒီမနက်လည်း ကျနော် ကားစီးလာတယ်။ ဒါပေမယ့် ကားက ဘယ်လိုဖြစ်လဲဆိုတော့ ခုနကပြောသလိုပဲ။ တရက်ကတော့ ဟုတ်တုတ်တုတ်။ အခုက ပြိုင်မောင်းလာတာတွေပါ ရှိလာတယ်။ အရင်ပုံစံအတိုင်းပဲ မပြောင်းဘူး ဖြစ်နေတယ်။ နောက်တခုက ကားတွေ ထပ်တာ ပြဿနာပေါ့နော်။ ဥပမာ တခါတလေကျရင် ကားက နံပါတ်တူပဲ၊ နှစ်စီး ပြိုင်ပြီးရပ်လာတယ်။ တခါတလေကျရင်လည်း မိနစ် ၃၀ လောက် စောင့်ရတဲ့ အနေအထားမျိုး ရှိတယ်။ အဲဒီတော့ ဒီလိုဖြစ်နေတာက လွှတ်တဲ့နေရာမှာ ပြဿနာရှိတာကြောင့်လား၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့်လား။ ဘယ်လိုအခက်အခဲတွေ ရှိနေတာ ဖြစ်နိုင်လဲ။” ကိုနေဘုန်းလတ် “ကျနော်ရတဲ့ အင်ဖော်မေးရှင်းအရတော့ ယာဉ်လိုင်းတလိုင်းကို ကုမ္ပဏီတခုတည်းက ကိုင်တာမဟုတ်ဘူးဗျ။ တချို့လိုင်းတွေမှာ ကျနော်က နှစ်စီးသွင်း၊ အစ်ကိုက သုံးစီးသွင်း၊ အဲဒီလိုမျိုးတွေ သွင်းတဲ့အခါမှာ လိုင်းတလိုင်းလုံးကို Manage လုပ်တဲ့လူက အဲဒီသွင်းထားတဲ့ အုံနာတွေကို ကောင်းကောင်း Control မလုပ်နိုင်ဘူး။ အဲဒီမှာ ၃ မိနစ်ခြားစီထွက်ပါ ဆိုတာကလည်း အဆင်မပြေဘူး။ လိုင်းတလိုင်းလုံးကို ကျနော့်ကားတွေပဲ ကျနော်က ထည့်ထားပြီး ကျနော်က Manage လုပ်တယ်ဆိုရင်တော့ ဒါ ကောင်းကောင်း Control လုပ်လို့ရတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူးလို့ ကျနော်သိရတယ်။ ဒီလိုင်းတွေမှာ ဝင်နေတဲ့သူတွေက မတူတဲ့အခါကျတော့ စုပေါင်းပြေးဆွဲတဲ့စနစ်လေ။ ကုမ္ပဏီစနစ် မဟုတ်ဘူးလို့ ဒါ ဝန်ကြီးချုပ်ကလည်း ပြောတယ်။ အဲဒီလို စုပေါင်းပြီးထည့်တဲ့အခါမှာ အုံနာတွေအချင်းချင်းကိုက ငါ့ကားကို ငါလွှတ်ချင်တဲ့အချိန် လွှတ်မယ် ဆိုတာမျိုး။ အဲဒီလို အနေအထားမျိုးတွေ ဖြစ်တယ်လို့ ကျနော်သိရတယ်။ အဲဒီလိုမျိုးဖြစ်တာကို ရှင်းဖို့အတွက် အဓိကက ဂိတ်မှူးတွေပေါ့နော်။ ဂိတ်မှူးတွေကို သေချာ Manage လုပ်ဖို့ ဂိတ်မှူးတွေ သေချာရွေးပြီးထားရမယ်။ ပြီးရင် အဲဒီဂိတ်မှူးတွေရဲ့ လိုင်းတွေအပေါ်မှာ သြဇာသက်ရောက်မှုကိုလည်း အပြည့်အဝ လုပ်ပိုင်ခွင့်၊ ဂိတ်မှူးလွှတ်တဲ့အတိုင်းပဲ သွားရမယ် ဆိုတာမျိုး ဖြစ်ရမယ်။ အဲဒီလိုမှလည်း အဆင်ပြေလိမ့်မယ်။ အခုဟာ မဟုတ်ဘူး။ လွှတ်ချင်သလို လွှတ်နေတယ်။ နောက်ပြီး ဂိတ်မှူးတွေကလည်း အရင်အဟောင်းတွေ များတဲ့အခါကျတော့ သူတို့ကိုယ်တိုင်က ဒီဟာကို သိပ်ပြီး အဆင်မပြေတာတွေ သွားတွေ့ရတယ်။ သေချာမပြောင်းချင်တဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ ဂိတ်မှူးတွေကို သေချာစနစ်တကျ ပြန်ခန့်ပြီးတော့ သေချာ Manage လုပ်မှ အဆင်ပြေလိမ့်မယ်လို့ ကျနော်ကတော့ထင်တယ်။” ဦးခင်သန်း (ဒီဗွီဘီ) “အခု ပြောနေတာကတော့ ဂိတ်စလွှတ်တာကနေ ပြောနေတာပေါ့နော်။ ဒါပေမယ့် ဂိတ်စကနေ ဂိတ်ဆုံးဆို လမ်းကြောက အရှည်ကြီး။ ကြားမှာရော အရင်တုန်းကလိုမျိုး စစ်ဆေးရေးအဖွဲ့တွေရော ရှိဖို့ မလိုအပ်ဘူးလား။” ကိုနေဘုန်းလတ် “ကြားမှာကတော့ ဟုတ်တယ်။ တချို့ကားတွေဆို လမ်းတဝက်က လှည့်ပြန်တယ် ဆိုတာမျိုးတွေ ရှိတယ်။ တချို့ကားတွေဆို သတ်မှတ်ယာဉ်ကြောအတိုင်း မမောင်းဘဲနဲ့ မောင်းတာတွေရှိတယ်။ အဲဒါတွေကလည်း ဖြစ်နိုင်ရင်တော့ဗျာ ဂိတ်မှူးရှိပြီဆိုရင်၊ ဂိတ်မှူးရဲ့အစနဲ့ ဟိုဘက်အဆုံးမှာ မှတ်လို့ရတယ်။ ဒီကားက ထွက်သွားတယ်။ ဟိုဘက်မှာ ပြန်ဝင်လားဆိုတာ မှတ်လို့ရတယ်။ နောက်တခုက လမ်းကြောင်းတလျှောက်မှာဆိုရင် တယ်လီဖုန်း၊ ဂျီပီအက်စ်စနစ်နဲ့ ဒီကားက ဒီလမ်းကြောင်းအတိုင်း သွားလားဆိုတာ တကယ်တမ်းကတော့ နည်းပညာနဲ့ လုပ်လို့ရတယ်။ အဲဒါကတော့ နည်းပညာနဲ့ လုပ်လိုက်ရင်တော့ ခုနကပြောသလို လူတွေတော့ မလိုဘူးပေါ့လေ။ ဒါပေမယ့် အဲဒီအဆင့်ကို မရောက်သေးခင်မှာ လမ်းတွေတလျှောက်မှာ ယာဉ်မှတ်တဲ့လူတွေလည်း ထားမယ်ဆိုရင်တော့ ထားသင့်ပါတယ်။ အချိန်ထိန်းတွေပေါ့။” ဦးခင်သန်း (ဒီဗွီဘီ) “နောက် တဘက်ကလည်း ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေဘက်က ကြားရတာက သူတို့က အခုဖြစ်နေတာက ပုံမှန်အချိန်ဆို မနက် ၅ နာရီကနေ ည ၉ နာရီ။ အဲဒီလိုဆိုတော့ သူတို့က အလုပ်ချိန်က နည်းနည်းနောနောတော့ မဟုတ်ဘူး။ ၁၅ နာရီလောက် ဖြစ်နေတယ်ပေါ့နော်။ အဲဒီတော့ သူတို့က ၁၀ နာရီ နားခဲ့သည်ရှိသော် မနက် ၅ နာရီ ထရမှာ အဆင်မပြေဘူးပေါ့နော်။ အဲဒီတော့ တဆိုင်းတည်းစနစ်နဲ့ သွားနေသလိုမျိုးပဲ ဖြစ်တာပေါ့နော်။ အဲဒီတော့ ဒါကို ယာဉ်မောင်းတွေဘက်ကလည်း အဆင်ပြေအောင် အဆိုင်းကိစ္စကို ဘယ်လိုလုပ်ပေးရမယ်ထင်လဲ ကိုဇေယျာလှိုင်။” ကိုဇေယျာလှိုင် “ဒီစနစ် စမယ်ဆိုကတည်းက တော်တော်စဉ်းစားမိတယ်။ Story Mapping ပေါ့လေ။ ကျနော်တို့ ဆွဲတဲ့အခါကျတော့ ခုနက ကိုနေဘုန်းလတ် ပြောသလိုပဲ အစိုးရက ဒါကို ဘယ်လိုများ Plan ချထားလဲ။ သူပြောတော့ JICA က Plan လုပ်ထားတဲ့ Survey ရှိတယ်လို့ ပြောတယ်။ အဲဒီ Survey ကရော ဘယ်လောက်အထိ ကျနော်တို့က အားကိုးရမလဲဆိုတဲ့၊ အခုထိ Survey ဟာပေါက်တွေက ပိတ်လို့မပြီးတာပေါ့နော်။ စိတ်ဝင်စားစရာက အလုပ်သမားဥပဒေမှာတောင်မှ အလုပ်ချိန် တရက်ကို ၈ နာရီ။ နောက်တခုရှိတာက အလုပ်သမားဥပဒေအပြင်မှာ လူတွေက အိုဗာတိုင်း ဆင်းမယ်ဆိုရင်တောင်မှ လူတယောက်ရဲ့ခံနိုင်ရည် ဘယ်လောက်အထိ ရှိမလဲပေါ့။ အရင်တုန်းက စနစ်ကတော့ ကိုယ်ရ ကိုယ်ယူစနစ် ဆိုတော့ လူတွေက လောဘနဲ့ မောင်းနှင်နေကြတာ။ အခုက ကိုယ်ရ ကိုယ်ယူစနစ် မဟုတ်တဲ့အခါကျတော့ ငွေပြန်အပ်မယ်ဆိုတဲ့ ပြဿနာတွေ ပေါ်လာတယ်။ အဲဒီမှာ ယာဉ်လုပ်သားတွေရဲ့ Motivate ပေါ့။ ဒီအလုပ်ပေါ်မှာ သူတို့ လုပ်ချင်တဲ့စိတ် ရှိပါဦးမလား။ နောက်တခုရှိတာက အဲဒီလိုမျိုး လူက သူ့ရဲ့အလုပ်က သူ့ကို အကျိုးမဖြစ်ထွန်းဘူးဆိုရင် သူ့ရဲ့ ဒေါသစိတ်နဲ့ ဆက်ဆံရင် အများပြည်သူနဲ့ ဆက်ဆံတဲ့ကိစ္စ။ ဒီလိုမျိုး Impact ကိုရော သူတို့မှာ ပါသလားပေါ့ ကျနော်က သိချင်တာ။ အစိုးရက အမြဲပြောတယ်။ JICA က Survey တွေ သူသုံးတယ် ပြောတယ်။ အဲဒီ Survey ထဲမှာ ဘာတွေပါသလဲဆိုတာ ကျနော်တို့ မသိရဘူး။ ကျနော်တို့ စိုးရိမ်ဆုံးက ဘာကိုစိုးရိမ်သလဲဆိုတော့ အစိုးရက ဒါကို ပြောင်းလဲတာ ကျနော်တို့က လက်ခံတယ်။ ကြိုက်တယ်။ ဒါပေမယ့် ဒါကို လုံလောက်တဲ့ ကြိုတင်အသိပေးမှု မရှိခဲ့ဘူး။ ယာဉ်လုပ်သားတွေကို ကြိုတင်ပြင်ဆင်ဖို့အပိုင်း၊ ယာဉ်ပိုင်ရှင်တွေ ပြင်ဆင်ဖို့အပိုင်း၊ နောက် ပြည်သူတွေအပိုင်း။ အဲဒီထက်ဆိုးတာက ဒီမှာပါဝင်ပြီး ကူညီတဲ့ ဗော်လံတီယာတွေကို သူတို့အတွက် ကျနော် ဂုဏ်လည်းဂုဏ်ယူတယ်။ စိတ်လည်းမကောင်းဘူးဗျ။ ဆက်တိုက်ကို ပင်ပန်းတယ်။ အခု ဒီနေ့ဆို ကျနော်တွေ့တယ်။ ဗော်လံတီယာတွေ တော်တော်ပန်းလာတယ်။ ကျနော် ခုနကစီးလာတဲ့ ပုဇွန်တောင် စာတိုက်မှတ်တိုင်မှာ ဗော်လံတီယာ တယောက်မှ မတွေ့ရတော့ဘူး။ ဒါ သူတို့အပြစ်တော့ မဟုတ်ဘူး။ လူထုကို ကြိုတင်အသိပေးရင် လူထုကလည်း ဒီစနစ်ကို သူတို့ ဘယ်လိုများ ပါဝင်လို့ရမလဲဆိုတာ Contribute လုပ်လို့ရတယ်။ အခုက လူထုက ပါဝင်ပါတယ်။ လူထုပါဝင်လို့လည်း ဒီအပြောင်းအလဲက ဒီလောက်ထိ တောင့်ခံနိုင်တာလို့ ကျနော်ကတော့ မြင်ပါတယ်။” ဦးခင်သန်း (ဒီဗွီဘီ) “အခုကြုံရတဲ့ ပြဿနာတချို့က ကားပြတ်တဲ့ကိစ္စပေါ့။ အထူးသဖြင့် ညပိုင်း။ ကျနော်တို့ သတိထားမိသလောက် ၈ နာရီနောက်ပိုင်းဆို ကားက သိပ်မရှိတော့ဘူး။ အဲဒီတော့ မြို့တွင်းမှာနေတဲ့လူက သိပ်ပြဿနာမရှိဘူး။ ဆင်ခြေဖုံးနေရာတွေ ပြန်မယ့်လူတွေ အင်မတန်ကို ဒုက္ခရောက်တယ်။ ကားသမားတွေဘက်ကလည်း အသံထွက်လာတာက သူတို့ CNG မလုံလောက်ဘူးတဲ့။ CNG က တနေ့လုံး ဆွဲထားတဲ့အတွက် မလောက်တော့ဘူး။ သွားပြန်ထည့်ဖို့ကလည်း အဆင်မပြေဘူးပေါ့။ အဲဒီတော့ ကိုနေဘုန်းလတ်၊ CNG တခုတည်းနဲ့ သွားနေလို့ အဆင်ပြေပါ့မလား။ တခြားနည်းလမ်းအနေနဲ့ ကားကြောမပြတ်အောင် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။” ကိုနေဘုန်းလတ် “အဲဒါကတော့ အဆိုင်းနဲ့ပဲဆိုင်တယ်။ အမှန်အတိုင်းပြောရင် CNG တကယ် ပြတ်တာလား၊ မပြတ်တာလား။ တကယ်ပြတ်တာလည်း ဖြစ်နိုင်ပါတယ်။ တချို့ကျတော့လည်း မဆွဲချင်တော့လို့ လမ်းဆုံးအောင် မဆွဲဘဲနဲ့ အဲဒီလို ဖြစ်သွားတယ်။ အစောကြီးကတည်းက ယာဉ်လိုင်းကုမ္ပဏီတွေက ကောင်းကောင်း Manage လုပ်နိုင်ရင် ဒါ ဘာမှ ပြဿနာမဖြစ်ဘူး။ အစောကြီးကတည်းက ယာဉ်ဘယ်နှစီးရှိမယ်၊ အဲဒီယာဉ်မှာလည်း CNG ထည့်တယ်ဆိုရင် CNG နဲ့ ဘယ်လောက်သွားလို့ရမလဲ။ အဲဒါဆိုရင် သူ့ကို အဲဒီတာဝန်ပေးပေါ့။ အဲဒီလို CNG ထည့်မယ်ဆိုပြီးတော့ လမ်းကနေ လှည့်ပြန်သွားတယ်ဆိုတာက Management မလုပ်နိုင်လို့သာဖြစ်တာ။ အစောကြီးကတည်းက CNG လမ်းတဝက်မှာ ကုန်မယ်ဆိုရင် မလွှတ်နဲ့ပေါ့။ အဲဒီတော့ ဒါတွေက ကျနော်မြင်တာက Management ကို သေချာလုပ်နိုင်မှ အဆင်ပြေလိမ့်မယ်။ ဒီအတိုင်းသွားမယ်ဆိုရင်တော့ ကျနော်တို့ဆို ဒီနေ့ ဗော်လံတီယာတွေ ရပ်ပြီဗျာ။ ဒီ ၅ ရက်မှာ တော်တော်လေး တချို့ဟာတွေ အဆင်ပြေတယ်ဆိုတာက ဗော်လံတီယာအားတွေ အများကြီးပါတယ်။ ကျနော်တို့ ဗော်လံတီယာ Team ဆိုတာ ရှိသလို ဘယ်သူမှ တာဝန်မပေးဘဲနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ပြည်သူက ကားတွေ ထွက်ပြီးဆွဲပေးနေလို့။ နောက်ပြီးတော့ မနေ့ကဆိုလည်း ဆူးလေရှေ့မှာ ရဲကားတွေပေါ် ပျော်ပျော်ကြီး တက်နေကြတာပေါ့နော်။ အဲဒီလိုမျိုးတွေ ရှိနေလို့သာ ချောမွေ့နေတဲ့ အနေအထား ရှိတာ။ နောက်ပြီးတော့ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တိုင်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းနေကြရတာ။ အဲဒီအခြေအနေမှန်ကို နားလည်ဖို့တော့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ အရမ်းအဆင်ပြေနေတယ်ဆိုတဲ့ သုံးသပ်မှုမျိုး သုံးသပ်ရင်တော့ ဒီစနေ၊ တနင်္ဂနွေပြီး တနင်္လာနေ့မှာ ပြဿနာတက်လိမ့်မယ်။” ဦးခင်သန်း (ဒီဗွီဘီ) “နောက်တခုက ကျနော်တို့ အမြဲတမ်းကြုံနေရတဲ့ ကားခပြဿနာ။ ကားခပိုတောင်းတဲ့ကိစ္စ။ မနေ့ကဆိုလည်း ပူပူနွေးနွေးပဲ ၁၀ မိုင်ဘက်မှာ။ ကားခ ပြန်မအမ်းလို့ဆိုပြီးတော့ စပယ်ယာနဲ့ ထိုးကြ ကြိတ်ကြတယ်ဆိုတာ ကြားလိုက်တယ်။ အဲဒီလိုပဲ မြို့တွင်းလိုင်းတွေ ၁၀၀ ဆိုပေမယ့် မရဘူးဗျ။ ၂၀၀ တန်ပေးရင် ပြန်မအမ်းတော့ဘူး။ ဘယ်သူမှလည်း မပြောချင်ဘူး။ အဲဒီတော့ ကိုဇေယျာလှိုင်၊ ကားခကို စနစ်တကျဖြစ်အောင်၊ သူတို့လည်း ပိုမတောင်းရဲအောင်၊ ပေးတဲ့လူလည်း ရဲရဲတင်းတင်း ပေးနိုင်အောင်ပေါ့နော်။ ဘယ်လိုစနစ်မျိုးနဲ့လုပ်ရင် ကောင်းမလဲ။” ကိုဇေယျာလှိုင် “အဲဒီထဲမှာ ကျနော်ထင်တာ နှစ်ပိုင်းပေါ့နော်။ လူထုက ထိတာ တပိုင်း၊ ယာဉ်လုပ်သားတွေ ထိတာ တပိုင်းပေါ့။ အမှန်က အဲဒီစနစ်ကို အစောကြီးကတည်းက ငွေမကိုင်ဘဲနဲ့ အီလက်ထရောနစ် ပေးချေမှုစနစ်နဲ့ သွားမယ်။ ဒါဆိုရင် ဒရိုင်ဘာတွေ၊ စပယ်ယာတွေ ငွေမမြင်ရတော့ဘူး။ အုံနာလည်း ငွေမရတော့ဘူး။ သူတို့လိုချင်ရင် အာဏာပိုင်အဖွဲ့ဆီမှာ သွားထုတ်ပေါ့နော်။ အဲဒီစနစ်လည်း မရှိဘဲ ထွက်လိုက်တယ်။ အဲဒီအတွက် ဒီပြဿနာပေါ်လာတယ်။ အဲဒီတော့ ခရီးသည်နဲ့ ယာဉ်လုပ်သားတွေကြားမှာ ပြဿနာတက်တယ်။ နောက်တခုက ဒီငွေအတိုင်း ကောက်ခံတယ်ပဲ ထားဦး။ အဆင့်ဆင့်ပြောင်းစီးရတဲ့အခါမှာ၊ မနေ့က ဒဂုံတောင် အသံကြားတယ်။ ပြီးတော့မှ ရွှေပြည်သာ၊ လှိုင်သာယာဘက်က ပုဂ္ဂိုလ်တွေ။ သူတို့အတွက်က တရက်ကို ၆၀၀ လောက် ပိုသုံးတယ်ဆိုရင် လက်ဖက်ရည်တခွက်၊ ဟင်းတခွက်စာ သူတို့ လျော့တယ်ပေါ့နော်။ ပိုက်ဆံရှိတဲ့ မြို့ထဲကလူက မသိသာပေမယ့် မြို့ပြင်ကလူက သူ့အတွက်က သိသာတယ်။ နောက် အစိုးရ သတ်မှတ်တဲ့နှုန်းက တရက်မှ ၃၆၀၀ ရှိတာ။ ဆိုတော့ သူ့ငွေနဲ့ သူ့မိသားစု ရပ်တည်ဖို့က ခက်လာရင် ဒါ ရေရှည်မှာ ပြဿနာရှိလာမယ်။ ခုနကပြောတဲ့ တလမ်းတည်းရောက်မယ့်ကိစ္စမျိုးတွေ၊ အဲဒါအပြင် စရိတ်သက်သာစွာနဲ့ ရောက်မယ့်နည်းလမ်း၊ နောက်ထပ်ပြီးတော့ အကြွေပြဿနာပေါ့လေ။ အဆင့်ဆင့်စဉ်းစားပြီးမှ ငွေပေးချေတဲ့စနစ်ကို ပြုပြင်နိုင်မှ ဒီစနစ်က အဆင်ပြေမယ်။ နောက် လမ်းကြောင်းကိုလည်း ပြင်ဖို့လိုတာ ကျနော်တို့ သွားတွေ့ရတယ်။" ဦးခင်သန်း (ဒီဗွီဘီ) “နောက်ဆုံးမေးခွန်းကတော့ ကိုနေဘုန်းလတ်ကို မေးချင်ပါတယ်။ YBS စနစ်ကို အပြောင်းမှာ သိသိသာသာ အားရစရာကောင်းတဲ့တချက်က ဗော်လံတီယာတွေ။ သူတို့ကိုတော့ အသိအမှတ်မပြုလို့ကို မရဘူး။ ဗော်လံတီယာ ဆိုတဲ့နေရာမှာ ကားသမားတချို့ရဲ့ အငြိုငြင်ခံပြီးတော့တောင်မှ လုပ်နေရတဲ့ ဗော်လံတီယာတွေ ရှိသလို ပြည်သူလူထုက ကိုယ့်ကို ဗော်လံတီယာလို့ သတ်မှတ်ချင်မှ သတ်မှတ်မယ်၊ ဒါပေမယ့် တကယ့် သက်ကြီးရွယ်အိုထိပါ ပါလာပြီးတော့ လုပ်နေရတဲ့လူတွေ တွေ့ရတယ်။ နောက်တခုက ဆွဲပေးတဲ့ ယာဉ်ပိုင်ရှင်တွေ၊ တက္ကစီ တနိုင်ဆွဲပေးတယ်၊ တချို့ဆိုရင်လည်း ဘာသာရေးအဖွဲ့အစည်းတွေကလည်း လာဆွဲပေးကြတာ ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ကိုနေဘုန်းလတ်အနေနဲ့ စနစ်အပြောင်းအလဲမှာ ဒီဗော်လံတီယာနဲ့ပတ်သက်ပြီး ကူညီပေးတဲ့ စေတနာရှင်တွေကို ဘယ်လို အမှာစကား ပြောချင်ပါလဲ။” ကိုနေဘုန်းလတ် “ဒီဗော်လံတီယာတွေ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုပေါ့နော်။ အရမ်းအားရဖို့ကောင်းတယ်။ ကျောင်းသားတွေပါမယ်။ နောက်ပြီးတော့ လူမှုအခြေပြု အဖွဲ့အစည်းတွေ ပါမယ်။ ဒီစနစ်ကို ဝိုင်းကူမှဖြစ်မယ်ဆိုပြီးတော့ အကုန်လုံး ထွက်လာကြတယ်။ ဒါပေမယ့် ခက်တာက ဗော်လံတီယာ Management လုပ်ဖို့အတွက်ဆိုပြီး ကျနော့်ကို အကူအညီတောင်းတယ်ပေါ့နော်။ ကျနော်လည်း အချိန်တော်တော်နည်းတယ်ဗျ။ နည်းတော့ တော်တော်လေးကို ကတိုက်ကရိုက်ကို စီစဉ်ရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဒါပေမယ့်လည်း တကယ်တမ်းကျတော့ လုပ်ဆောင်မှုတွေကြည့်တဲ့အခါမှာ အားရစရာကောင်းပါတယ်။ လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ ကျောင်းသားတွေက သိပ်ပြီးတော့ ဒီလို လှုပ်ရှားမှုမျိုးကို ပြောပြစရာမလိုဘူး။ သူတို့ နားလည်တယ်။ အဲဒီလိုမျိုးတွေရှိတဲ့အခါကျတော့ တော်တော်လေးကို အသိအမှတ်ပြုတယ်။ ဒါပေမယ့် ကျနော်တို့က အဲဒါကို အသိအမှတ်ပြုရုံနဲ့ မရဘူးဗျ။ အခုဆိုရင် ဒါကြီးက ရုပ်ပြီဆိုရင် ပေါ်လာမယ့်ကွက်လပ်ကို ဘယ်လိုဖြည့်မလဲ။ အခုက ကျနော်တို့ စဉ်းစားတယ်။ တနင်္လာနေ့အတွက်ကို ကျနော်တို့ ဘယ်လိုဝင်ကူမလဲလို့ ထပ်စဉ်းစားရမယ့်သဘော ဖြစ်နေတယ်။ စနေ၊ တနင်္ဂနွေက သိပ်ပြဿနာမရှိလောက်ဘူး။ စနေ၊ တနင်္ဂနွေ ကျနော်တို့ စောင့်ကြည့်မယ်။ တနင်္လာနေ့ကို ဘယ်လိုအစီအမံနဲ့သွားမလဲဆိုတဲ့ အနေအထားမျိုးတောင် ကျနော်တို့က ပြန်စဉ်းစားနေတယ်။ အဲဒီတော့ အစိုးရကို ကျနော် မေတ္တာရပ်ခံချင်တာကတော့ ဗော်လံတီယာတွေရဲ့အားကို သုံးတာ မှန်ပေမယ့်လည်း ဒီဗော်လံတီယာတွေကို ပြန်ပြီးတော့ တခုခု အသိအမှတ်ပြုတာမျိုး လိုချင်တယ်။ နောက်တခုက သူတို့ရဲ့လုံခြုံရေးတို့၊ သူတို့ရဲ့စွန့်လွှတ်မှုတွေ ဒါတွေကိုလည်း အသိအမှတ်ပြုပြီး နားလည်ပေးရမယ် ထင်တယ်။ အဲဒါမှလည်း အဆင်ပြေမယ်။ ဒါမှမဟုတ်ရင် ခဏခဏ ဝင်ကူနေရတယ်၊ ပြီးတော့ အကြာကြီး ဖြစ်နေတယ်ဆိုရင်တော့ ဒီလိုမျိုးက ခဏခဏ မရနိုင်ဘူး။” ကိုဇေယျာလှိုင် “ဗော်လံတီယာဆိုတာလည်း ပြည်သူပဲ။ အဲဒီတော့ ပြောချင်တာက အစိုးရအနေနဲ့ တခုခုလုပ်မယ်ဆိုရင် ပြည်သူကို ကြိုပြီးတော့ အသိပေးပြီးမှ ပြည်သူကို အသိအမှတ်ပြုစေချင်တာပေါ့နော်။ နောက်ပြီး Public Policy လုပ်တော့မယ်ဆိုရင် ပြည်သူတွေရဲ့ ပါဝင်မှုကို ဦးစားပေးစေချင်တာပါ။ ဗော်လံတီယာ ဆိုတာကလည်း ပြည်သူထဲက ပြည်သူပါ။” ကိုနေဘုန်းလတ် “ကျနော် တခုဖြည့်ပြောချင်တာကလေ သယ်ယူပို့ဆောင်ရေးက Public Service ဗျ။ Public ကို အစိုးရကပေးရမယ့် Service။ ဒါပေမယ့် အခု ဒီ ၅ ရက် ဖြစ်နေတာက Public Public Service ဖြစ်နေတယ်။ Public က Public ကို Service ပြန်ပေးနေရတယ်။ အဲဒါကိုက နည်းနည်းလွဲနေတယ်။ အဲဒီတော့ ဒီ ၅ ရက်တာအတွင်း ကိစ္စတွေကို သေချာလေ့လာသုံးသပ် သင်ခန်းစာယူပြီးတော့ အဲဒီနောက်မှာ တကယ့် အစိုးရကနေပေးတဲ့ Public Service ဖြစ်အောင် လုပ်ဖို့လိုတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024