အမေရိကန်နှင့်မက္ကဆီကိုကြား အုတ်တံတိုင်းကာရန် ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးမည်

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနိုင်ငံကြားမှာ အုတ်တံတိုင်းကာဖို့ အပါအ၀င် အမေရိကန်လုံခြုံရေးအတွက်အရေးကြီးတဲ့ အမိန့်ပြန်တမ်းတွေကို ဒီနေ့ လက်မှတ်ရေးထိုးမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီလုံခြုံရေးအစီအစဉ်တွေထဲမှာ မွတ်စလင်အများစုနေထိုင်တဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံ  ၇ နိုင်ငံက လာရောက်သူတွေကို အထူးစီစစ်မယ့်အစီအစဉ်တွေလည်း ပါဝင်နိုင်ပြီး ဇန်န၀ါရီ ၂၅ ရက်နေ့ဟာ အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အထူးအရေးကြီးတဲ့နေ့လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အရှည်မိုင် ၂ ထောင်ကျော်ရှိတဲ့ မက္ကဆီကိုနယ်စပ်တလျှောက် အုတ်တံတိုင်းကာရံဖို့ဟာ ဒေါ်နယ်ထရမ့်ရဲ့ အဓိက မဲဆွယ်ပွဲ ခေါင်းစဉ်တခုဖြစ်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုထဲ တရားမ၀င်ဝင်ရောက်လာသူတွေကို ခိုလှုံနေထိုင်ခွင့်ပေးထားတဲ့ မြို့ကြီးတွေမှာလည်း ဥပဒေတင်းကြပ်မယ့်အစီအစဉ်တွေ၊ ရှေ့လျှောက် အမေရိကန်နိုင်ငံရဲ့ ဒုက္ခသည်လက်ခံရေး စည်းမျဉ်းစည်းကမ်းတွေကို တင်းကြပ်မယ့်အစီအမံတွေလည်း ပါဝင်လာဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။ သူ့ရဲ့ သမ္မတ ကျမ်းကျိန်ပွဲကို အသားပေးထောက်ခံဖော်ပြခဲ့တဲ့ Fox သတင်းဌာနကို ချီးကျူးခဲ့ပေမယ့် သူ့ကို အမြဲဝေဖန်တိုက်ခိုက်နေတဲ့ CNN သတင်းဌာနကိုတော့ သတင်းတု၊ သတင်းမှားတွေ ထုတ်လွှင်တဲ့ သတင်းဌာနဆိုပြီး သူ့ရဲ့ Twitter မှာ တိုက်ခိုက်ရေးသားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up