ဒူဘိုင်းမြို့မှ ဂျက်ပက်ခ်မိုးပျံဝတ်စုံဝတ် မီးသတ်သမားများ (ရုပ်သံ)

ဒူဘိုင်းမှာ မီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်နိုင်ဖို့အတွက် မီးသတ်သမားတွေကို အားကောင်းတဲ့ ဂျက်ပက်ခ်မိုးပျံဝတ်စုံ (Jetpack) တွေ ဝတ်ဆင်စေပြီး ကောင်းကင်ကနေ မီးငြှိမ်းသတ်နိုင်တော့မယ်လို့ မေရာသတင်းတပုဒ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ ဒီနည်းပညာသစ်ဟာ ကမ်းရိုးတန်းအနီးတဝိုက် မီးလောင်ကျွမ်းမှုတွေ ဖြစ်လာခဲ့ရင် လှေတွေပေါ်က မီးသတ်သမားတွေအနေနဲ့ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ခုလိုအသုံးပြုနိုင်တာဟာ အရေးပေါ်မီးငြှိမ်းသတ်ဖို့ လိုအပ်နေချိန်မှာ လမ်းမတွေပေါ်က ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို ရှောင်ရှားစေနိုင်ပြီး ပိုမိုထိရောက်စေမယ်လို့ ဆိုပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဒူဘိုင်းမြို့ပြကာကွယ်ရေးဌာနကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး မီးသတ်အရေးပေါ်ဝန်ဆောင်မှုတွေရဲ့ အစောပိုင်းတီထွင်မှုတခုလို့ ညွှန်းဆိုထားတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဂျက်ပက်ခ်မိုးပျံဝတ်စုံဝတ် မီးသတ်သမားတဦးဟာ ရေထဲကနေ တွန်းအားနဲ့ တံတားအပေါ်ကို မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ မီးသတ်ပိုက်ကို အသင့်ကိုင်ဆောင်ထားခဲ့ပြီး တံတားအစွန်းကနေ မီးလောင်နေတဲ့ နေရာဆီကို ထိုးကာ ငြှိမ်းသတ်ပြခဲ့တာပါ။ ရေပေါ်မီးငြှိမ်းသတ်မှုလို့ ခေါ်ဆိုရမယ့် ဒီနည်းပညာကို အတည်ပြုပြီး နောက်ပိုင်းမှာ ဒါကို ဆက်လက်အသုံးပြုသွားဖွယ်ရှိတယ်လို့ သတင်းက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up