အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်ဒိုကို အနိုင်ကစားပြီး မြန်မာအသင်း အကြိုဗိုလ်လုပွဲတက်

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာဖူဆယ်အသင်းက အင်ဒိုနီးရှားကို အနိုင်ကစားပြီး အကြိုဗိုလ်လုပွဲ တက်သွားပါတယ်။ မြန်မာဖူဆယ်အသင်းဟာ ဇန်နဝါရီ ၂၃ ရက်က ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ လာအိုအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီနေ့မှာကစားတဲ့ ဒုတိယပွဲမှာလည်း အင်ဒိုနီးရှားအသင်းကို ၆ ဂိုး ၃ ဂိုးနဲ့ အနိုင်ကစားခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲကစားဖို့ ကျန်သေးပေမယ့် အကြိုဗိုလ်လုပွဲတက်ရောက်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စု ခ မှာ မလေးရှား၊ အင်ဒိုနီးရှား၊ လာအိုတို့နဲ့ တအုပ်စုတည်း ကျရောက်ခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ မလေးရှားအသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာပါ။ တဘက်အုပ်စုမှာတော့ အိမ်ရှင် ထိုင်းအသင်းနဲ့အတူ အရှေ့တီမော၊ ဘရူနိုင်းအသင်းတို့ ပါဝင်ပါတယ်။ အာဆီယံဖူဆယ်ချန်ပီယံ အကြိုဗိုလ်လုပွဲစဉ်တွေကို ဇန်နဝါရီ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပြီး တတိယလုပွဲနဲ့ ဗိုလ်လုပွဲကို ဇန်နဝါရီ ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာဖူဆယ်အသင်းဟာ ၂၀၀၆ ခုနှစ် ပြိုင်ပွဲမှာ တတိယဆုရခဲ့ပြီး နောက်ပိုင်း ကစားခဲ့တဲ့ ပြိုင်ပွဲ ၈ ကြိမ်စလုံး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ဒီနှစ်ပြိုင်ပွဲမှာ အကြိုဗိုလ်လုပွဲကို ပြန်လည် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up