ဟောင်ကောင်တွင် ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲဘဲကျန်နေသည့် ဗုံးကြီးတလုံး ဖြုတ်သိမ်း

ဓာတ်ပုံ - APPLE DAILY
ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲဘဲ ကျန်နေတဲ့ ၂၂၇ ကီလိုဂရမ်ရှိတဲ့ ဗုံးတလုံးကို ဟောင်ကောင်ရဲတွေက ဒီနေ့မနက် ဖြုတ်သိမ်းလိုက်နိုင်ပါတယ်။ ဟောင်ကောင်တက္ကသိုလ် ဝန်ထမ်းအဆောင်နားက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ဒီဗုံးကို တွေ့ခဲ့တာပါ။ ဒီဗုံးထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ၁၂၀ ကီလို ပါတယ်လို့ ဗုံးဖြုတ်သိမ်းရေးအဖွဲ့က ပြောပါတယ်။ AN-64 မော်ဒယ်ဖြစ်ပြီး ကောင်းကင်ကနေ ပစ်ချတဲ့ ဗုံးအမျိုးအစားဖြစ်တယ်၊ အန္တရာယ် မြင့်မြင့်မားမားကို ရှိနေတယ်လို့ အကြီးတန်း ဗုံးဖြုတ်သိမ်းရေးအရာရှိ တိုနီ ချောင်က ပြောပါတယ်။ ဒီဗုံးသာ ပေါက်ကွဲခဲ့ရင် အထဲက အပိုင်းအစတွေက ၁ ဒသမ ၃ မိုင် အဝေးထိ လွင့်ပျံသွားနိုင်လောက်အောင် ပြင်းတယ်၊ အခုတော့ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ပြီးလို့ ပေါက်ကွဲ လွင့်စင်နိုင်တဲ့ အချင်းက မီတာ ၄၀၀ ပဲ ကျန်တော့တယ်၊ မီတာ ၄၀၀ ပြင်ပမှာ ဘေးကင်းတယ်၊ ဒါပေမယ့် မီတာ ၄၀၀ အဝန်းထဲမှာဆိုရင်တော့ အန္တရာယ်ရှိတုန်းပဲလို့ သူက ဆက်ပြောပါတယ်။ ဗုံးကို ဖြုတ်နေချိန်မှာ ပတ်ဝန်းကျင်က ဒေသခံတွေနဲ့ ဒါဇင်နဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေကို ဘေးကင်းရာ ရွှေ့ပြောင်းထားပါတယ်။ အနားပတ်ဝန်းကျင်က လမ်းတွေကိုလည်း မဝင်ရအောင် အချိန် ၈ နာရီကျော်ကြာ ပိတ်တားထားခဲ့ပါတယ်။ ဒီဗုံးဟာ ၁၂၀ စင်တီမီတာ အလျားနဲ့ ၃၀ စင်တီမီတာ အနံရှိပြီး အမေရိကန်မှာ ၁၉၄၁ ကနေ ၄၅ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ဗုံး ဖြစ်တယ်လို့ ဟောင်ကောင်ရဲတွေက ပြောပါတယ်။ ဗြိတိန်ပိုင်နက်ဟောင်း ဟောင်ကောင်ကျွန်းကို ဂျပန်တွေ ၁၉၄၁ မှာ သိမ်းပိုက်ထားချိန်က အကြီးအကျယ် ဗုံးကြဲခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း စံချိန်တင် အကြီးဆုံးဖြစ်တဲ့ ကီလို ၉၀၀ အလေးချိန်ရှိတဲ့ ဗုံးတလုံးကို မြို့ထဲမှာတွေ့ခဲ့လို့ ဒေသခံ အယောက် ၂၀၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up