Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံခြားရေးက ခေါ်ယူတွေ့ဆုံဆွေးနွေး
နော်နိုရင်း
·
January 24, 2017
အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကောချန်နဲ့အဖွဲ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။ ဇန်န၀ါရီ ၁၉ ရက်နေ့က တွေ့ဆုံခဲ့တာဖြစ်ပြီး မစ္စတာ ဆွန်ကောချန်က မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေအနေနဲ့ စစ်ရေးကို လျော့ချပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။ “မစ္စတာ ဆွန်ကောချန်က ကျနော်တို့အဖွဲ့ကို ခေါ်ယူပြီး တွေ့ဆုံတယ်။ သူအဓိက တွေ့ဆုံတဲ့အကြောင်းက မြန်မာပြည်ဘက်ကနေလာတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တယ်။ မြန်မာအစိုးနဲ့သူက တွေ့ခဲ့တယ်။ သူတို့ရဲ့ ကျနော်တို့အဖွဲ့ကို စစ်ရေး၊ စစ်ပွဲဖြစ်ပွားမှုကို လျော့ချပြီးမှ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ဖို့ ကျနော်တို့ အဖွဲ့ကို ထပ်မံပြီး တိုက်တွန်းတာပေါ့နော်။ ကျနော်တို့ အဖွဲ့လည်း ကျနော်တို့ကတွေ့ဆုံဖို့ အဆင်သင့်ရှိတယ်။ တွေ့ဆုံမှုအပေါ်မှာ အဆိုပြုထားတဲ့ တရုတ်နဲ့ဝ ကြား သက်သေအနေနဲ့ ၀င်ပေးဖို့ ထပ်မံအဆိုပြုပြီးမှ ထုတ်ပြန်ချက်ပြုလုပ်တာဖြစ်တယ်။” ဒီတွေ့ဆုံ တွေ့ဆုံမှုမှာ မြောက်ပိုင်းမဟာမိတ်ဖွဲ့တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲအတားအစီးတွေနဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့တဲ့အကြောင်းနဲ့ အစိုးရနဲ့ ဆွေးနွေးဖို့အမြဲတမ်း အသင့်ရှိတဲ့အကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။ မစ္စတာ ဆွန်ကောချန်ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ အကြား တွေ့ဆုံဖို့ ညှိနှိုင်းဆောင်ရွက်ပေးသူဖြစ်ပြီး ဒီတစ်ခေါက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တတိယ အကြိမ်မြောက် တွေ့ဆုံတာဖြစ်ပါတယ်။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ က ပထမဆုံးအကြိမ် တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရကိုယ်စားလှယ်တွေဘက်က အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ ၃ ဖွဲ့ နဲ့သာတွေ့လိုပြီး ကေအိုင်အေနဲ့တွေ့ဖို့ လက်မခံတဲ့အတွက် ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့တုန်းကလည်းတခါ ထပ်မံတွေ့ဆုံဖို့ စီစဉ်ခဲ့ပေမယ့် မြောက်ပိုင်းဟာမိတ်အဖွဲ့ က ဒီတွေ့ဆုံမှုအတွင်း တရုတ်နဲ့ ၀ကို ကြားသက်သေအနေနဲ့ ၀င်ရောက်နားထောင်ခွင့်ပြုဖို့ တောင်း ဆိုခဲ့တဲ့အတွက် ဒီတောင်းဆိုချက်အပေါ် အစိုးရဘက်က ပြန်လည်တင်ပြမည်ဟုဆိုကာ တွေ့ဆုံမှု ပျက်ခဲ့ရပြန်ပါတယ်။ အဲဒီချိန်ကစပြီး ဒီကနေ့အထိ တွေ့ဆုံဖို့ ဆက်သွယ်အကြောင်းကြားလာတာမရှိသေးဘူးလို့လည်း ဗိုလ်မှူးတာအိုက်ကကျော်က ပြောပါတယ်။ ကေအိုင်အေ၊ တီအန်အယ်လ်အေ၊ အမ်အန်ဒီအေအေနဲ့ အေအေ တပ်ဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစလို့ မူဆယ်နဲ့ မုံးကိုး အပါအ၀င် ရှမ်းမြောက်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ရှမ်းပြည်လွှတ်တော်မှာ အကြမ်းဖက်အဖွဲ့တွေ အဖြစ်သတ်မှတ်ခံထားရပါတယ်။ ဒီအတောအတွင်း ကေအိုင်အေရဲ့ အမာခံတပ်စခန်းတွေကို အစိုးရ တပ်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ထားသလို မြောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ပလောင်ဒေသတွေမှာ ဒီကနေ့အထိ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024