မပေါက်ကွဲသေးသည့် အန္တရာယ်ရှိ ဂျပန်ခေတ်လက်ကျန်ဗုံး တောင်ကုတ်တွင်တွေ့ရှိ
DVB
·
January 24, 2017
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းအုပ်စု ကြိုးကြာကွင်းကျေးရွာ ကားလမ်းနားဘေးနား မှာ ဂျပန်ခေတ် လက်ကျန်လို့ ယူဆရတဲ့အန္တရာယ်ရှိဗုံးသီးတလုံး ဇန်နဝါရီ ၂၄ ရက် မနက် ကတွေ့ရှိခဲ့ပါတယ်။
အဆောက်အဦ ဆောက်လုပ်ဖို့ မြေနေရာတွေကို ညှိရာကနေ ဗုံးသီးထွက်ပေါ်လာတာလို့ တောင်ကုတ်မြို့ GE တပ်က တာဝန်ရှိ အရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဘတ်ဖော့နဲ့လမ်းတွေကို မြေညှိနေတဲ့အချိန်မှာ တွေ့တာပါ။ ဂျပန်ခေတ်က လက်ကျန်ဗုံးပါ။ အန္တရာယ် တော်တော်ရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ ထိပ်ဖူးက ကျည်ရိုက်က အကောင်းကြီးပဲရှိသေးတယ်။ တော်တော်ကိုလည်း ကြီးတယ်။”
တွေ့ရှိခဲ့တဲ့ အဆိုပါဗုံးရဲ့အရွယ်အစားဟာ အရှည် ၃ ပေနဲ့ ပတ်လည် ၃ ပေခွဲ ရှိပါတယ်။ ဗုံးဟာ မပေါက်ကွဲရှိတာကြောင့် အန္တရာယ်ကင်းတဲ့နေရာကို သယ်ဆောင်သွားဖို့ လုပ်နေတယ်လို့ တာဝန်ရှိသူက ဆက်လက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တောင်ကုတ် GE တပ်က တာဝန်ရှိသူတွေရောက်ရှိလာလို့ အဆိုပါ မပေါက်ကွဲသေးတဲ့ ဗုံးကို ဆက်လက်စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။
သတင်း - ဝဏ္ဏခွာညို