ဒဏ်ရာကြောင့် ရီးရဲလ်နောက်ခံလူ မာဆယ်လို ၄ ပတ်ခန့် နားရမည်

ဓာတ်ပုံ - ရိုက်တာ
စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းက နောက်တန်းဘယ်အစွန်လူ မာဆယ်လိုဟာ ဒဏ်ရာကြောင့် သီတင်း ၄ ပတ်လောက် အနားယူရတော့မှာ ဖြစ်ပါတယ်။ မာဆယ်လိုနဲ့ ကွင်းလယ်ကစားသမား မိုဒရစ်တို့လည်း မာလာဂါကို အနိုင်ရတဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာပါ။ ဘရာဇီးနောက်တန်းကစားသမား မာဆယ်လိုဟာ ပွဲကစားချိန် ၂၅ မိနစ်မှာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး အခုလောလောဆယ် ရှေ့တန်းတိုက်စစ်မှူး ဂါရတ် ဘေးလ်နဲ့ နောက်ခံလူ ပီပီတို့လည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်ဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ စပိန့်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆဲလ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မာဆယ်လိုဟာ ဒဏ်ရာကြောင့် နာပိုလီနဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အထိ လွဲချော်နိုင်ဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up