ရိုက်ကွင်းပေါ်တွင် မတော်တဆ သေနတ်ပစ်ခတ်ခံရမှုကြောင့် သရုပ်ဆောင်မင်းသား သေဆုံး

ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်
သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့ ဘားတခုထဲက ရုပ်ရှင်ရိုက်ကွင်းမှာ သရုပ်ဆောင်မင်းသားတဦးဟာ မတော်တဆ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၂ နာရီက မြို့လယ်ခေါင် ဘရွတ်ခ်လင်း စတဲန်းဒတ်ဘားမှာ ဖြစ်ခဲ့တာဖြစ်ပြီး မင်းသားရဲ့ရင်ဘတ်ကို ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ကွင်းစ်လန်ရဲတွေက ပြောပါတယ်။ ရိုက်ကွင်းပေါ်က လူတွေအားလုံးကတော့ ဒါဟာ မတော်တဆမှုတခုသာဖြစ်တယ်လို့ ပြောနေကြပေမယ့် လက်ရှိမှာတော့ ရဲတွေက မတော်တဆ ပစ်ခတ်ခံရမှု ဟုတ်မဟုတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ Bliss n Eso အမည်ရတဲ့ သြစတြေးလျ ဟစ်ဟော့ပ်ဂီတအဖွဲ့ရဲ့ ဂီတရုပ်သံရိုက်ကွင်းတခုမှာ ရှိနေခဲ့ကြတာဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် မင်းသား ဂျိုအန် အော့ဖ်နာနဲ့ တခြားသရုပ်ဆောင်တွေပါ ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် မင်းသား သေနတ်ထိမှန် သေဆုံးခဲ့ချိန်မှာတော့ အဲဒီ ဟစ်ဟော့ပ်အဆိုတော် အဖွဲ့ဝင်တွေက ရိုက်ကွင်းထဲမှာ ရှိမနေခဲ့ဘူးလို့ ဆိုပါတယ်။ “ဒီရိုက်ကူးမှုထဲမှာ ခြောက်လုံးပြူးသေနတ်တွေ အများကြီး အသုံးပြုထားတယ်။ သရုပ်ဆောင်တွေထဲက တယောက်ဟာ ထိခိုက်ဒဏ်ရာရပြီး သေသွားတယ်” လို့ ကွင်းစ်လန်ပြည်နယ် ရဲဌာန စုံစမ်းစစ်ဆေးရေးအရာရှိ တွမ်အာမစ်က ပြောပါတယ်။ သူက ဒီရိုက်ကူးမှုမှာ သေနတ်ကျည်ဆံတွေ အများကြီး အသုံးပြုခဲ့တယ်လို့ ပြောပေမယ့် အဲဒါတွေဟာ ကျည်ဆံအစစ်တွေ ဟုတ်မဟုတ်ကိုတော့ အတည်မပြုခဲ့ပါဘူး။ ဒီအဖြစ်အပျက်မှာ တခြား ထိခိုက်ဒဏ်ရာရရှိသူတွေတော့ မရှိခဲ့ပါဘူး။ Bliss n Eso ဟစ်ဟော့ပ်ဂီတအဖွဲ့ကတော့ ဒီသေဆုံးမှုကို ထုတ်ပြန်ချက်တခုမှာ အတည်ပြုပြောဆိုခဲ့ပြီး “ဗွီဒီယိုထုတ်လုပ်ရေးအဖွဲ့တွေနဲ့ ရဲတွေဟာ ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီအချိန်မှာ အဖွဲ့အနေနဲ့ တခြားမှတ်ချက်တွေ မပေးနိုင်သေးပါဘူး” လို့ ရေးခဲ့တာပါ။ ဘရွတ်ခ်လင်း စတဲန်းဒတ်ဘားမှ တာဝန်ရှိသူတွေကတော့ သူတို့အဖွဲ့ဟာ ဘားမဖွင့်ခင် အချိန်တွေကို ငှားရမ်းထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဆစ်ဒနီမြို့အခြေစိုက် ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Bliss n Eso ဟစ်ဟော့ပ်ဂီတအဖွဲ့ဟာ နာမည်ရ တေးဂီတအဖွဲ့တဖွဲ့ဖြစ်ပြီး အခုနှစ်ကုန်ပိုင်းလောက်မှာ သူတို့ရဲ့ ၆ ခုမြောက်အယ်လ်ဘမ် ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up