ကလေးမြို့တွင် ဘိန်းဖြူ ကျပ်သိန်း ၁၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
January 22, 2017
ဇန်နဝါရီလ ၂၁ ရက်နေ့က ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ အမှုန့်တွေကို ပိုင်ရှင်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ကလေးမြို့ မူးယစ်တပ်ဖွဲ့စု ၅ တပ်ဖွဲ့မှူး ဒုရဲမှူး တင်စိုးက ပြောပါတယ်။
"မူးယစ်ဆေးဝါးရောင်းချနေတဲ့ သတင်းရလို့ တောင်ဖီလာရပ်ကွက် ကျန်စစ်သားလမ်းမှာ မသင်္ကာ အမျိုးသား တစ်ယောကို ရှာဖွေခဲ့တယ်။ အဲ့ဒီမှာ သူဝတ်ထားတဲ့ ဘောင်းဘီရှည်ညာဘက်အိပ်ကပ်ထဲက အနက်ရောင်ကျွတ်ကျွတ်အိပ်နဲ့ ထုပ်ထားတဲ့ အပြာရောင်ဆပ်ပြာခွက်ထဲက ဘိန်းဖြူမှုန့် တွေ့တယ်။ သူ့ကို ထပ်စစ်ဆေးတော့ ဝယ်ခဲ့တဲ့နေရာ ပြောပြတော့ ကွင်းဆက် လိုက်ရှာတဲ့အခါ တောင်ဖီလာရပ်ကွက်ရှိ အိမ်က ထပ်ပြီး ပိုင်ရှင် အမျိုးသမီးနဲ့အတူ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက်တွေ ထပ်တွေ့ခဲ့တာ" လို့ ဒုရဲမှူး တင်စိုးက ပြောပါတယ်။
မူးယစ်ဆေးနဲ့အတူ ဖမ်းမိခဲ့သူမှာ မောင်လျှန်ဒက်ဆိုသူနဲ့ မကျင်ခန့်ဝှမ် ဆိုသူတို့ ဖြစ်ပြီး အဆိုပါ ၂ ဦးထံကနေ စုစုပေါင်း ဘိန်းဖြူ ဆပ်ပြာခွက် (၉) ခွက်၊ အလေးချိန်(၁၀၈) ဂရမ်ခန့်၊ တန်ဖိုး ကျပ်သိန်း ၁၀၀ ကျေ်ဖိုး ဖမ်းဆီး ရရှိခဲ့ပါတယ်။
ဘိန်းဖြူ မူးယစ်ဆေးဝါးတွေကို တဆင့်ရောင်းချခဲ့သူ မကျင်ခန့်ဝှမ် အနေနဲ့ ဘိန်း မူးယစ်ဆေးတွေကို အိန္ဒိယနိုင်ငံ မိုးရေးကတဆင့် ဝယ်ယူခဲ့ကြောင်း သိရပြီး မောင်လျန်ဒက်နဲ့ မကျင်ခန့်ဝှမ်တို့ ၂ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေ ပုဒ်မနဲ့ ကလေးမြို့ ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။
မင်းရဲစစ်နိုင်