Home
မြန်မာသတင်း
အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီဖွဲ့​စည်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ရွေး​ကောက်ပွဲဝင်မည်
နေသွင်
·
December 5, 2011
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​အတွက် ဗဟို​အောင်နိုင်​ရေး​ကော်မတီကို စတင်ဖွဲ့​စည်း​လိုက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင်လည်း​ ရန်ကုန်တိုင်း​အတွင်း​က မဲဆန္ဒနယ်တ​နေရာမှာ ​ရွေး​ကောက်ပွဲဝင်ဖို့​ ရှိတယ်လို့​ ပါတီ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ ဒီ​နေ့​ (တနင်္လာ​နေ့​) မှာ ဖွဲ့​စည်း​လိုက်တဲ့​ ဗဟို​အောင်နိုင်​ရေး​ကော်မတီမှာ တာဝန်ခံက အဖွဲ့​ချုပ်လက်ရှိ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​ ဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ဦး​ဝင်း​တင်နှင့်​ ဗဟိုက ​ခေါင်း​ဆောင် ၂၁ ဦး​နှင့်​ ဖွဲ့​စည်း​လိုက်တာပါ။ ဒါ့​အပြင် ပြည်နယ်တိုင်း​ခရိုင် မြို့​နယ် စည်း​ရုံး​ရေး​အဖွဲ့​တွေကိုလည်း​ သက်ဆိုင်ရာ နယ်​မြေအလိုက် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​အဖွဲ့​တွေ ဖွဲ့​စည်း​ဖို့​ ဗဟိုက ညွှန်ကြား​စာ ​ပေး​ပို့​သွား​မယ်လို့​ သူက ​ပြောပါတယ်။ “​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​အတွက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်၏ မူဝါဒလုပ်ငန်း​စဉ်များ​ကို လက်ခံယုံကြည်သူများ​၊​ တိုင်း​ရင်း​သား​လူမျိုး​များ​၊​ ဒီမိုက​ရေစီအင်အား​စုများ​နဲ့​ စည်း​လုံး​ညီညွတ်မှုများ​ကို တည်​ဆောက်၍ ပူး​ပေါင်း​လှုပ်ရှား​ကြရမည် ဖြစ်ပါသည်။ ထို့​ကြောင့်​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ အဖွဲ့​အစည်း​များ​ကို ဖွဲ့​စည်း​ပြီး​ စု​ပေါင်း​အ​ကောင်အထည် ​ဖော်ကြရမည်ဖြစ်ပါသည်။ ​အောင်နိုင်​ရေး​အဖွဲ့​များ​တွင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှ ပုဂ္ဂိုလ်များ​၊​ ပြည်သူလူထုတို့​ရဲ့​ ​လေး​စား​ယုံကြည်ခြင်း​ခံရတဲ့​ ပုဂ္ဂိုလ်များ​၊​ တိုင်း​ရင်း​သား​လူမျိုး​များ​၊​ အမျိုး​သမီး​နှင့်​ လူငယ်များ​၊​ အသိပညာရှင် အတတ်ပညာရှင်များ​၊​ လယ်သမား​၊​ အလုပ်သမား​များ​၊​ ကုန်သည်စီး​ပွား​ ကဏ္ဍမှပုဂ္ဂိုလ်များ​၊​ မြို့​မိမြို့​ဖနှင့်​ ရပ်မိရပ်ဖများ​၊​ နိုင်ငံ​ရေး​အစဉ်အလာရှိသူများ​ စသည့်​ ​အောင်နိုင်​ရေး​အတွက် လုပ်ကိုင်နိုင်သူများ​ ပါဝင်​စေလျက် ​အောင်နိုင်​ရေး​အဖွဲ့​များ​ ဖွဲ့​စည်း​မည့်​ အဆိုပြုလွှာစာရင်း​ကို ဗဟို​အောင်နိုင်​ရေး​အဖွဲ့​သို့​ ရက်သတ္တပတ် ၂ပတ်အတွင်း​ ​ပေး​ပို့​ကြရန်ဖြစ်ပါတယ်။” အဖွဲ့​ချုပ်က ဒီ​နေ့​ ဖွဲ့​စည်း​လိုက်တဲ့​ ဗဟို​အောင်နိုင်​ရေး​ ​ကော်မတီ လက်​အောက်မှာ သတင်း​ပြန်ကြား​ရေး​နဲ့​ စာ​စောင် ထုတ်​ဝေ​ရေး​၊​ စည်း​ရုံး​လှုံ့​ဆော်​ရေး​ ​ကော်မတီ၊​ မဲဆွယ်​ဟော​ပြော​ရေး​ ​ကော်မတီ၊​ ဘဏ္ဍာ​ငွေရှာ​ဖွေ​ရေး​ ​ကော်မတီ၊​ ဥပ​ဒေ​ရေး​ရာ ​ကော်မတီ တို့​ကိုလည်း​ ဖွဲ့​စည်း​ထား​ပြီး​၊​ မှတ်ပုံတင်ခွင့်​ရတာနဲ့​ ​အောင်နိုင်​ရေး​ကော်မတီရဲ့​ လုပ်ငန်း​တွေကို စတင်လုပ်​ဆောင်သွား​မယ်လို့​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။ ရွေး​ကောက်ပွဲဥပ​ဒေအရ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို သုံး​လကြိုတင် ​ကြေညာရမှာဖြစ်တဲ့​အတွက် ယခုထိ မ​ကြေညာ​သေး​တာကို ​ထောက်ရင် လာမယ့်​နှစ် မတ်လထက်​စောပြီး​ မဖြစ်နိုင်ဘူး​လို့​ သုံး​သပ်​နေကြပါတယ်။ လော​လောဆယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်လည်း​ ​နေပြည်​တော်က ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံမှာ တည်​ထောင်ခွင့်​ရဖို့​ ​လျှောက်ထား​ဆဲဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင် ​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ကိစ္စနဲ့​ ပတ်သက်လို့​ ဦး​အုန်း​ကြိုင်က အခုလို ​ပြောပါတယ်။ “သူက ​ရွေး​ကောက်ပွဲဝင်မယ်လို့​ ပိုင်း​ဖြတ်တဲ့​အ​ကြောင်း​ မီဒီယာ​တွေမှာလည်း​ ​ဖော်ပြ​နေပါပြီ။ ဝင်လို့​ရှိရင်လည်း​ သူ့​ရဲ့​အလုပ်အကိုင်များ​မှု အ​ခြေအ​နေအရ။ လုပ်ငန်း​ကလည်း​များ​တယ်​လေ။ ရန်ကုန်တိုင်း​မှာပဲ ဝင်ချင်တယ်လို့​ပြောတယ်။ ရန်ကုန်တိုင်း​က ဝင်တဲ့​အခါမှာလည်း​ တကယ့်​ကို မြို့​နယ်​နေပြည်သူလူထုရဲ့​ စီး​ပွား​အ​ခြေအ​နေ​တွေအရ ဆင်း​ရဲတဲ့​ဒေသ​တွေမှာ ဝင်မယ်လို့​ သူ​ပြောပါတယ်။ ဆိုလိုတာက​တော့​ ဆင်း​ရဲတဲ့​ ​တောင်သူလယ်သမား​တွေကို တခုခု အကျိုး​ပြု​ပေး​နိုင်မလား​ဆိုတဲ့​ စိတ်ကူး​ပေါ့​ဗျာ။ အဲ့​ဒီ​စေတနာနဲ့​ ​ပြောတာပါ။ အဲ့​တော့​ တချို့​ကလည်း​ ​ကော့​မှူး​များ​ ဖြစ်နိုင်မလား​လို့​ တချို့​လည်း​ ​တွေး​ကြတာ​ပေါ့​။ တရား​ဝင်​တော့​ ဆုံး​ဖြတ်ထား​ပြီလို့​ မ​ပြော​သေး​ပါဘူး​။” ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ စာရင်း​အရ ပြည်သူ့​လွှတ်​တော်အတွက် ​နေရာ ၄၀ အမျိုး​သား​လွှတ်​တော်အတွက် ၆ ​နေရာနဲ့​ တိုင်း​နှင့်​ပြည်နယ် လွှတ်​တော်အတွက် ၂ ​နေရာ စုစု​ပေါင်း​ ၄၈ ​နေရာ လစ်လပ်​နေတယ်လို့​ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024