၁၅ ကြိမ်မြောက် မြန်မာအိုးပင်း နိုင်ငံတကာ ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပမည်

မြန်မာအိုးပင်း နိုင်ငံတကာဂေါက်သီးရိုက်ပြိုင်ပွဲကို လာမယ့် ဇန်နဝါရီ ၂၆ ရက်ကနေ ၂၉ ရက်အထိ ပန်းလှိုင်ဂေါက်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၁၅ ကြိမ်မြောက်ကျင်းပမယ့် မြန်မာအိုးပင်းပြိုင်ပွဲဖြစ်ပြီး Asian Tour အဖွဲ့က စီစဉ်ကျင်းပတဲ့ နိုင်ငံတကာပြိုင်ပွဲတရပ် ဖြစ်ပါတယ်။ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၀ က ပရော်ဖက်ရှင်နယ် ဂေါက်သီးသမားတွေ လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကစားသမားစုစုပေါင်း ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာဂေါက်သီးကစားသမား ၁၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ ကစားသမားတွေဖြစ်တာကြောင့် အောင်မြင်မှုရနိုင်တယ်လို့ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးက ပြောပါတယ်။ ဒီပြိုင်ပွဲဟာ အာရှတိုက်အတွင်းမှာ အဆင့်မြင့်တဲ့ ပြိုင်ပွဲတရပ်ဖြစ်ပြီး ဆုကြေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ သိန်းခွဲ ချီးမြှင့်မှာဖြစ်ပါတယ်။ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲဟာ အမျိုးသားသီးသန့်ပြိုင်ပွဲဖြစ်ပြီး ၁ ရက်ကို ၁၈ ကျင်းနဲ့ ၄ ရက်ပေါင်း ၇၂ ကျင်းအတွက် ယှဉ်ပြိုင်ကစားရမှာပါ။ အဆင့် ၁ ကနေ အဆင့် ၆၅ အတွင်း ရပ်တည်နိုင်တဲ့ ကစားသမားတွေကို ဆုကြေးခွဲဝေပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မြန်မာအိုးပင်းဂေါက်ရိုက်ပြိုင်ပွဲတွေကို ၁၉၉၆ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲမှာ တောင်အာဖရိက နိုင်ငံသား နော်ရစ်စ်က ဂျပန်နဲ့ တောင်ကိုရီးယား ကစားသမားတွေထက် လေးချက်လျော့ရိုက်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up