ဆောင်းတွင်း မိုးရွာနိုင်ဟု မိုးဇလသတိပေး
ရွှေအောင်
·
December 5, 2011
လက်ကျန်ဆောင်းကာလမှာ ဖြစ်ပေါ်တတ်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ သတိပြုစရာ အချက်သုံးချက်ကို မိုးလေ၀သဌာနက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
အဓိကကျတဲ့ အချက်သုံးချက်အကြောင်း မိုးလေဝသဌာနက လက်ထောက် ညွှန်ကြားရေးမှုး ဦးချစ်ကျော်က ခုလို ပြောပါတယ်။
“ဆောင်းတွင်းက အရင်ဆောင်းတွင်းလိုမဟုတ်ဘူး။ မိုးရွာမယ်။ မိုးရွာရင် နိုဝင်ဘာ၊ ဒီဇင်ဘာဆိုတာ တချို့လယ်ကွင်းတွေက စပါးရိတ်တဲ့အချိန်၊ ဆိုတော့ ရိတ်ပြီးသားစပါးတွေက ကန်သင်းရိုးပေါ်တင်ထားတာကို။ အဲဒီစပါးတွေက မိုးမိလို့ရှိရင် စပါးသီးတွေ ကြွေကျသွားမယ်။ ပြီးတော့ စပါးကနေ ဆန်ထွက်တဲ့အခါမှာ ဆန်အရည်အသွေး ကျသွားမယ်။ အဲဒါတွေကို သတိပြုဖို့ လိုပါတယ်။ အဓိက နံပါတ်တစ်အချက်။ နှစ်အချက်ကတော့ ဆောင်းတွင်းမှာ တိမ်ဖြစ်ထွန်းရင် ကပ္ပလီပင်လယ်ပြင်နဲ့ မုတ္တမ ပင်လယ်ကွေ့ဒေသမှာ လေပြင်းတိုက်ပါတယ်။ လေပြင်းတိုက်တဲ့အတွက် ငါးဖမ်းလှေ အသေးတွေက သတိထားပြီး ငါးဖမ်းထွက်ဖို့ အကြံပြုထားပါတယ်။ ဒီဆောင်းတွင်းက မြစ်ကြီးတွေ ဧရာဝတီတို့၊ ချင်းတွင်းတို့၊ သံလွင်၊ စစ်တောင်းတို့ ဒီမြစ်ကြီးတွေက ရေနည်းသွားတယ်။ ရေကြောင်းသွားလာရေးမှာ ကျောက်ဆောင်နဲ့ တိုက်မိတာတို့ ဒါတွေဖြစ်နိုင်တဲ့အတွက် ရေနက်အမှတ် ခန့်မှန်းချက်ကို သတိထားပြီး ပြည်တွင်းရေကြောင်းကို အသုံးပြုပါလို့ အဓိက အဲဒီသုံးချက်ကို တိုက်တွန်းချင်ပါတယ်။”
၂၀၁၁ ခုနှစ်အတွင်း မိုးရွာသွန်းမှုအခြေအနေကို ပြန်ကြည့်ရင် ရွာသွန်းမြဲထက် ကျော်လွန်ခဲ့ပြီး မိုးကောင်းတဲ့နှစ် တနှစ်ဖြစ်ခဲ့တယ်။
မြန်မာနိုင်ငံတွင်းရှိ မိုးလေဝသတိုင်းတာရေး စခန်းပေါင်း ၁၀၀ မှာ ၉၀ လောက်က ရွာသွန်းမြဲထက် ကျော်လွန်ခဲ့တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
မိုးများခဲ့တာကြောင့် လယ်တွေပျက်စီးခဲ့မှု ရှိခဲ့တဲ့အကြောင်းလည်း ဦးချစ်ကျော်က ခုလိုပြောပါတယ်။
“မိုးများတဲ့အတွက် ဆုံးရှုံးမှုတွေရှိတယ်။ မိုးနည်းတုန်းကတော့ စပါး မအောင်ဘူး။ မိုးများတော့ စပါးအောင်တယ်၊ ရေမြုပ်တယ်။ ၂ ခုလုံးက မျှမျှတတ မဖြစ်ဘူး။ အဲဒီလိုမျိုး မိုးများတဲ့အတွက်ကြောင့် လယ်ကွင်းတွေ ရေမြုပ်တဲ့ဟာ ဒီနေ့ဆိုရင် မြန်မာပြည်ထဲက ဧက ၁ သိန်းကျော်လောက် ရေမြုပ်လို့ ဆုံးရှုံးတယ်ဆိုတာ သူတို့တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရတာပါ။”
အထူးသဖြင့်တော့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက လယ်တွေ မိုးကြောင့် နစ်မြုပ်ပျက်စီးခဲ့တာဖြစ်ပါတယ်။