ဘီအမ်ယာဉ်များ ရန်ကုန်မြို့စွန် လမ်းကြောင်းတချို့တွင် ယာယီပြေးဆွဲခွင့်ပြု
အာကာ
·
January 21, 2017
ပြေးဆွဲခွင့် ရပ်ဆိုင်းထားတဲ့ ဘီအမ်ယာဉ်တွေကို ရန်ကုန်မြို့စွန်လမ်းကြောင်းတချို့မှာ ဇန်န၀ါရီ ၂၀ ကစပြီး ယာယီပြေးဆွဲခွင့်ပေးလိုက်ပါတယ်။
ဘီအမ်ယာဉ်တွေကို YBS စနစ် ပြေးဆွဲချိန်က ပြေးဆွဲခွင့်မပြုတော့ဘူးဆိုပြီး ရပ်ဆိုင်းထားတာပါ။
ဒါပေမယ့် ဘီအမ်ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အခက်ခဲရှိနေတဲ့အတွက် ဇန်နဝါရီ ၂၀ ရက်က စပြီး ယာယီပြေးဆွဲခွင့်ရသွားတာလည်း ဖြစ်ပါတယ်။
ဒဂုံအရှေ့၊ စိတ်ကျန်းမာရေးဆေးရုံကနေ အောင်မင်္ဂလာအဝေးပြေးအထိ ၆၆ ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲခွင့် ရသွားတဲ့ ဘီအမ်ယာဉ် ပိုင်ရှင်တဦးဖြစ်တဲ့ ဒေါ်နီလာမြင့်က “အားလုံးအခက်ခဲ ရှိနေတဲ့အတွက် ဘီအမ်ပိုင်ရှင်တွေ စုပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တင်ပြခဲ့ကြတာ နောက်ဆုံး မနေ့ကစပြီး ၃ လ ယာယီပြေးဆွဲခွင့်ပေးပါတယ်။ လမ်းကြောင်းကတော့ ပိုက်ဆံသိပ်မရပါဘူး။ ဒါပေမယ့် လုံးဝ ရပ်ထားရတာထက်စာရင် ပြေးဆွဲခွင့်ပေးလို့ တာဝန်ရှိသူတွေကိုကျေးဇူးတင်ပါတယ်။ ဒီ ၃ လ အတွင်းမှာ ကျမတို့ ဘီအမ် ပိုင်ရှင်တွေအားလုံး ကားကြီးတွေ ပြောင်းဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
ဒီလိုင်းမှာ ယာဉ်စီးခပုံသေ ၁၀၀ ကျပ်သတ်မှတ်ထားပြီး ကားတွေကို အချိန်အတိအကျနဲ့ ထွက်ဖို့ ယာဉ်စီးခပိုမယူဖို့၊ လုမမောင်းဖို့၊ ခရီးသည်ကို မချေမငံဆက်ဆံတာမျိုး မလုပ်ဖို့ အားလုံးကို ပြောထားပါတယ်လို့ ဆိုပါတယ်။
“အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်စည်းကမ်းတွေအတိုင်း လိုက်နာပြေးဆွဲမှာပါ။ စည်းကမ်းဖောက်တဲ့ကားကို ပြေးဆွဲခွင့်ရပ်တဲ့အထိ အရေးယူဖို့လည်း ပိုင်ရှင်တွေအားလုံး တိုင်ပင်ထားပါတယ်။” လို့ ဒေါ်နီလာမြင့်ကဆက်ပြောပါတယ်။
ယာဉ်မောင်း ယာဉ်နောက်လိုက်တွေရဲ့ လုပ်အားခကိုတော့ အရင်လိုပဲ တနေ့ရရှိငွေအပေါ် ရာခိုင်နှုန်း နဲ့ ပေးချေသွားမယ်လို့ သိရပါတယ်။
ဘီအမ်ယာဉ်တွေကို ဒဂုံတောင်၊ ဒဂုံမြောက်ပိုင်း တွေမှာလည်း လမ်းကြောင်းတွေ သတ်မှတ်ပြေးဆွဲခွင့်ပြုထားပါတယ်။