ကင်ညာနိုင်ငံတွင် ဆရာဝန်များ ဆန္ဒပြမှု ၄၇ ရက်ရှိပြီ၊ လူနာများ အခက်ကြုံ

ကင်ညာအစိုးရက ရန်ပုံငွေ ထောက်ပံ့တဲ့ ဆေးရုံတွေမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေက ဆန္ဒပြနေတာ ၄၇ရက် ရှိပြီဖြစ်လို့ လူနာတွေ အခက်တွေ့နေပါတယ်။ ၂၀၁၃ ခုနှစ်က ဆရာဝန်များ သမဂ္ဂနဲ့ အစိုးရကြား သဘောတူခဲ့တဲ့ တောင်းဆိုချက်တွေ ဖြည့်ဆည်းပေးဖို့ ဆန္ဒပြနေတာပါ နိုင်ငံတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးလာပြီး အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းအတွင်း အကြပ်ရိုက်မှုတွေလည်း နက်ရှိုင်း လာနေပါတယ်။ ကျန်ခဲ့တဲ့ သီတင်းပတ် ငါးပတ်တုန်းက ဆရာဝန်တွေ လမ်းပေါ်ထွက် ဆန္ဒပြချိန်မှာ ရဲတွေက ကင်ညာ ဆေးဘက် ပညာသည်နဲ့ သွားဆရာဝန်များ သမဂ္ဂ အဖွဲ့ဝင်တွေကို လူစုခွဲဖို့ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ သဘောတူချက်ထဲမှာ လုပ်ခလစာကို ၃၀၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့နဲ့ သူတို့ရဲ့ လုပ်ငန်းခွင် အခြေအနေတွေ၊ အလုပ် ဖွဲ့စည်းပုံတွေကို ပြန်သုံးသပ်ဖို့၊ ရာထူးတိုးပေးဖို့ သတ်မှတ်ချက်တွေနဲ့ ပြည်သူပိုင်ဆေးရုံက ဆေးပညာရှင်တွေ ဝန်ထမ်း အင်အား မလုံလောက်တာတွေကို သုံးသပ်ဖို့လည်း ပါတယ်လို့ သမဂ္ဂက ပြောပါတယ်။ ဒီဆန္ဒပြပွဲကြောင့် ကင်ညာ ပြည်သူ သန်းနဲ့ချီပြီး ကျန်းမာရေး စောင့်ရှောက်မှုကို မရဘဲ ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ပုဂ္ဂလိက ဆေးရုံတွေရဲ့ ဝန်ဆောင်မှုကို မတတ်နိုင်တဲ့ ပြည်သူတွေ ဒုက္ခရောက်ခဲ့ပါတယ်။ အစိုးရနဲ့ သမဂ္ဂ အရာရှိတွေကြား ညှိနှိုင်းမှုတွေ ဆက်လုပ်နေဆဲပါ။ ကျန်းမာရေး ဝန်ကြီးဌာန အရာရှိတွေကတော့ အစိုးရမှာ လစာတိုးပေးဖို့ ငွေလုံလောက် အောင် မရှိဘူးလို့ ပြောပါတယ်။ ဆန္ဒပြမှုကြောင့် ပြည်ထောင်စု အစိုးရရော၊ ဒေသန္တရ အစိုးရတို့ကပါ ဖွင့်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာ သက်ရောက်မှု ရှိတယ်လို့ ပြောပါတယ်။ တချို့နေ့တွေမှာတော့ ပုဂ္ဂလိက ဆေးရုံတွေက ဆရာဝန်တွေပါ ဆန္ဒပြပွဲကို ပူးပေါင်းပြီး ဆန္ဒပြပွဲ ပြီးရင် အလုပ်ပြန်ဝင်ကြတယ်လို့လည်း သိရပါတယ်။ ပြည်သူပိုင် ဆေးရုံတွေမှာ ဆေးဘက် စောင့်ရှောက်မှု မရလို့ သေဆုံးရတဲ့ လူအရေအတွက်ကိုတော့ မသိရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up