ငါးများကို အရက်တိုက်ပြီး ရေထဲပြန်လွှတ်သည့် ဂျပန်ဘာသာရေးပွဲတော် ဝေဖန်ခံရ (ရုပ်သံ)

ဂျပန်မှာပြုလုပ်တဲ့ ဘာသာရေးပွဲတော်တခုအတွင်း ငါးကြီးတွေကို အရက်တိုက်ပြီး ရေထဲပြန်လွှတ်တဲ့ ဗွီဒီယိုရုပ်သံ ထွက်ပေါ်လာပြီးနောက်  တိရစ္ဆာန်တွေကို ညှဉ်းပန်းနှိပ်စက်တယ်ဆိုပြီး အကြီးအကျယ် ဝေဖန်ခံနေရပါတယ်။ လူတွေထံမှ မကောင်းဆိုးဝါး ဝိညာဉ်တွေကို နုတ်ပယ်သန့်စင်တဲ့ အလေ့အထ ယုံကြည်မှုအနေနဲ့ အခုလိုကျင်းပတာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ ဒီဘာသာရေးပွဲတော်ကို ဂျပန်နိုင်ငံအလယ်ပိုင်း တိုယာမာမြို့မှာ ဒေသခံလူထုက နှစ်စဉ် ဇန်နဝါရီ ၇ ရက်နေ့ရောက်တိုင်း ကျင်းပကြတာပါ။ ဇန်နဝါရီ ၁၈ ရက် ယူကျု အင်တာနက်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ အဲဒီပွဲတော်မှာ ဒေသခံတွေက ငါးတွေကို မြစ်ထဲလွှတ်မပေးခင် ဂျပန်ဆန်အရက်တွေ အတင်းတိုက်ကြတာကို တွေ့ရပါတယ်။ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဒီ ဘာသာရေးပွဲတော်ကို သစ်ပင်၊ ကျောက်ဆောင်၊ တိရစ္ဆာန် စတဲ့ သဘာဝအရာတွေအားလုံးမှာ အသက်ရှိတယ်လို့ ယုံကြည်တဲ့ ရှေးရိုးရာ ရှင်တိုဘာသာရေးသမားတွေက ဘာသာရေးသန့်စင်တဲ့ ပွဲတခုအနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်ကစလို့ ပြုလုပ်ခဲ့တာလို့ ယူဆရကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ငါးကြီးတွေကိုကိုင်ထားရင် ကိုင်ထားတဲ့လူရဲ့ ကံမကောင်းခြင်းတွေကို ထုတ်ပယ်သန့်စင်ပေးတယ်လို့ အယူရှိကြောင်းလည်း     ဆိုပါတယ်။ ဒီပွဲတော်ကျင်းပမှုက နှစ်ရှည်လများဖြစ်လာတဲ့ ရိုးရာအယူအဆဖြစ်ပေမယ့် ပွဲတော်ကျင်းပတဲ့ ရုပ်သံ အင်တာနက်စာမျက်နှာမှာ ပေါ်ထွက်လာပြီးနောက် ဒီနှစ်ကျင်းပတဲ့ ပွဲတော်ကိုတော့ တိရစ္ဆာန်အခွင့်အရေးကာကွယ်ရေးသမားတွေက ဝေဖန်ပြောဆိုနေကြတာပါ။ လူမှုကွန်ရက်စာမျက်နှာတွေမှာ လူတော်တော်များများက ဒီပွဲတော်ကျင်းပသူတွေဟာ ငါးတွေကို မတရားနှိပ်စက်ညှဉ်းပန်းနေတာ၊ “မကောင်းဆိုးဝါး ထုံးတမ်းဓလေ့” တွေကို အဆုံးသတ်ရပ်တန့်ဖို့ တောင်းဆိုနေကြသလို တချို့လူတွေကလည်း ဒီပွဲတော်က “ရှေးနှစ်ရှည်လများ ကာလတည်းက လုပ်ဆောင်လာတဲ့ ဘာသာရေး အလေ့အထပွဲတော်” ဆိုပြီး ပြန်လည်တုံ့ပြန် ပြောဆိုနေကြပါတယ်။ ပွဲတော်ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ပွဲတော်ကြီးမှူးကျင်းပသူ အဖွဲ့ဝင် ကာဇူအိုကာဝါဆာကီက "ငါးကြီးတွေကို နာကျင်စေဖို့ သတ်ဖြတ်ဖို့မဟုတ်ဘူး၊ မြစ်ရဲ့ နတ်ဘုရားတွေအဖြစ် ငါးတွေကို လေးစားလို့ ဒီပွဲတော်ကို ကျင်းပတာ" လို့ ပြောပါတယ်။ ငါးကြီးတွေကို မြစ်ထဲလွှတ်လိုက်တာက အသက်ပိုရှည်စေပြီး ကံကောင်းခြင်းတွေကို သယ်ဆောင်လာစေမယ်လို့လည်း ကာဝါဆာကီက ဆက်ပြောခဲ့ပါတယ်။ ဝေဖန်ခံရပေမယ့် ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးမှာ အမြစ်တွယ်နေတဲ့ အယူအဆဖြစ်လို့ ဒီရိုးရာပွဲတော်ကို ဆက်လက်ကျင်းပသွားချင်ပါတယ်လို့လည်း ကာဝါဆာကီက ပြောပါတယ်။ ဒီနှစ်မှာ သူတို့အသက်အရွယ်တွေအရ ကံမကောင်းဘူးလို့ ရိုးရာအရ ယုံကြည်နေတဲ့ ဒေသခံ ၁၁ ဦး ပွဲတော်မှာ ပါဝင်ခဲ့ပြီး ငါးကြီး လေးကောင်ကို မြစ်ထဲလွှတ်ခဲ့ပါတယ်။ လွှတ်လိုက်တဲ့ငါးတွေ အားလုံးလည်း အသက်ရှင်ပါတယ်လို့ ပွဲတော်ကျင်းပတဲ့သူက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up