ကော်ဖီဆိုင်တွင်းဝင်ပြီး ဓားပြတိုက်သူကို ရဲတပ်ဖွဲ့ ရှာဖွေ (ရုပ်သံ)

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ဗစ်စတာမြို့က ကော်ဖီဆိုင်ကို ဓားပြတိုက်သွားတဲ့ ဓားကိုင်အမျိုးသားကို ရှာဖွေဖမ်းဆီးဖို့ အာဏာပိုင်တွေက အကူအညီလိုအပ်နေတယ်လို့ Fox 5 အင်တာနက်သတင်းစာမျက်နှာမှာ ဇန်နဝါရီ ၁၉ ရက်က ရေးသားထားပါတယ်။ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်လောက်က ဗစ်စတာမြို့ အက်စ်မဲလ်ရို့စ် ကိုယ်ပိုင်လမ်းပေါ်က စကိုင်းဘွန်း ကော်ဖီနဲ့မုန့်မျိုးစုံရောင်းတဲ့ ဆိုင်ထဲကို အမျိုးသားတဦး ဝင်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာ အဲဒီအမျိုးသားက အရောင်းကောင်တာဆီသွားပြီး ကောင်တာက အမျိုးသမီးကို သောက်ရေတခွက်တောင်းလို့ သောက်ရေပေးနေတုန်း အမျိုးသားက ၁၀ လက်မအရှည်ရှိတဲ့ဓားထုတ်ပြီး အမျိုးသမီးကို ခြိမ်းခြောက်ကာ ပိုက်ဆံခွက်ထဲက ပိုက်ဆံတွေပေးဖို့ တောင်းနေတာ တွေ့ရပါတယ်။ အမျိုးသမီးက ငွေတွေကို ကောင်တာပေါ်တင်ပေးချိန်မှာ ဓားကိုင်ဓားပြတိုက်သူက ငွေနဲ့ သောက်ရေကို ယူပြီး ကားရပ်နားရာနေရာတွေကို ဖြတ်ကာ မြောက်ဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဓားကိုင် ဓားပြတိုက်သူဟာ လူဖြူ  အသက် ၂၅ နှစ်မှ ၃၀ ကြား အမျိုးသားဖြစ်ပြီး အရပ် ၅ ပေ ၉ လက်မနဲ့ ကိုယ်အလေးချိန်ပေါင် ၁၃၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသားမှာ အညိုရောင်မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးပါပြီး အညိုရောင်ရှပ်အင်္ကျီ၊ အညိုရောင် ခေါင်းစွပ်အင်္ကျီ၊ မီးခိုးရောင် လည်စီးပုဝါ၊ အနက်ရောက် အပေါ်ဂျာကင်အင်္ကျီ၊ အညိုရောင် ဘောင်းဘီရှည်နဲ့ အနက်ရောင်ရှူးဖိနပ် ဝတ်ထားတယ်လို့လည်း သိရပါတယ်။ ဓားပြတိုက်သူ အမျိုးသားနဲ့ပတ်သက်ပြီး သတင်းသိရင် ဗစ်စတာမြို့ရဲဌာန ဖုန်း ၇၆၀ ၉၄၀ ၄၅၅၅၁ ကို ခေါ်ဆိုနိုင်သလို အမည်မဖော်ပြလိုတဲ့ သတင်းပို့သူဆိုရင် ရာဇဝတ်မှု ရပ်တန့်ရေးဌာန ဖုန်းနံပါတ် ၈၈၈ ၅၈၀ ၈၄၇၇ ကို ဖုန်းဆက်နိုင်ကြောင်းနဲ့ ဒီအမျိုးသားကိုဖမ်းဆီးဖို့ သတင်းပေးတဲ့ ဘယ်သူကိုမဆို ဒေါ်လာ ၁၀၀၀ ဆုချမယ်လို့လည်း ရဲဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဓားပြတိုက်တဲ့ အမျိုးသားကို ဖမ်းဆီးနိုင်ဖို့ အမည်မဖော်ပြလိုတဲ့ အီးမေးလ်နဲ့ တယ်လီဖုန်းမှ သတင်းရေးသားပို့မှုတွေကိုလည်း www.sdcrimestoppers.org အီးမေးလ်လိပ်စာကို ပေးပို့နိုင်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up