တီဟီရန်မြို့လယ်ရှိ အထပ်မြင့်အဆောက်အဦတလုံး မီးလောင်ပြိုကျ၊ မီးသတ်သမားများ ပိတ်မိ (ရုပ်သံ)

အီရန်နိုင်ငံ မြို့တော် တီဟီရန်မြို့လယ်က အထပ်မြင့် အဆောက်အဦတလုံး မီးလောင်အပြီး ဇန်နဝါရီ ၁၉ ရက်နေ့က ပြိုကျခဲ့ပါတယ်။ ပြိုကျမှုကြောင့် ဒါဇင်နဲ့ချီတဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုဖို့ ဆေးဘက်ပညာသည်တွေလည်း ရောက်နေပါတယ်။ စစ်သားတွေ၊ အနံ့ခံခွေးတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပိတ်မိနေတဲ့ မီးသတ်သမားတွေကို ရှာဖွေနေကြပါတယ်။ မနက် ၉ နာရီခွဲလောက်က မီးလောင်ပြီး အဆောက်အဦက ဘေးဘက်ကို ပြိုကျခဲ့တာလို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ အဆောက်အဦ ပြိုကျချိန်မှာ မီးသတ်သမား ၄၅ ဦး အပါအဝင် အနည်းဆုံး လူ ၇၅ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ အစိုးရရုပ်သံက အစီရင်ခံပါတယ်။ အပျက်အစီးတွေအောက်မှာ မီးသတ်သမား ၂၅ ဦးလောက် ပိတ်မိနေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ အပျက်အစီးတွေကို တူးထုတ်ဖယ်ရှားရာမှာ ကူဖို့ စစ်တပ်ကို လွှတ်ထားပြီလို့ တက်စ်နင်မ် သတင်းဌာနက အစီရင်ခံပါတယ်။ ဒဏ်ရာရသူအများစုကို ဆေးရုံတင်ပို့ခဲ့ပြီး လူအများအပြားက ဆေးရုံကနေ အမြန် ပြန်ဆင်းသွားတယ်လို့ အစိုးရရုပ်သံက ပြောပါတယ်။ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာက မီးလောင်ခဲ့တာလို့ တီဟီရန် အုပ်ချုပ်ရေးမှူးရုံးက အရာရှိတဦးကို ကိုးကားပြီး တက်စ်နင်မ်သတင်းဌာနက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။ ဒီအမှုကို ချက်ချင်း စုံစမ်းစစ်ဆေးဖို့နဲ့ ထိခိုက်သေဆုံးသူတွေကို လျော်ကြေးပေးဖို့ သမ္မတက အမိန့်ထုတ်ထားပါတယ်။ မီးလောင်လို့ အဆောက်အဦထဲက နေထိုင်သူတွေကို ဘေးလွတ်ရာရွှေ့ပြီး မီးသတ်သမားတွေ မီးငြှိမ်းသတ်နေချိန်မှာ ပြိုကျခဲ့တာပါ။ အဆောက်အဦနားက ဗြိတိန်နဲ့ တူရကီသံရုံးတွေကို ရဲတွေက ပိတ်ဆို့ဝန်းရံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up