ဘရာဇီးတွင် ထောင်အသစ် ၃၀ ထပ်မံတည်ဆောက်မည်ဟု သမ္မတပြော

ဘရာဇီးနိုင်ငံအတွင်း ထောင်တွင်း အဓိကရုဏ်းတွေနဲ့ ထောင်တွင်း လူတွေ ကြပ်ညပ်နေတာကို ဖြေရှင်းဖို့ ဒီနှစ်ထဲမှာ ထောင်အသစ် ၃၀ နီးပါးကို တည်ဆောက်ဖို့ အစိုးရက ရည်မှန်းထားတယ်လို့ သမ္မတက ပြောပါတယ်။ ဒီအတွက် အမေရိကန်ဒေါ်လာ ၃၀၉ သန်း သုံးစွဲမှာပါ။ ပြည်ထောင်စု အစိုးရက အကြမ်းဖက်ဆုံး ထောင်သားတွေကို ထားဖို့ လုံခြုံရေးအမြင့်ဆုံး ထောင်ငါးခု ဆောက်မယ်လို့ သမ္မတက ရိုက်တာ သတင်း ဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ တနင်္လာနေ့က ပြောပါတယ်။ ထောင်စနစ်တွေဟာ ပြည်နယ် အစိုးရတွေရဲ့ တာဝန် ဖြစ်ပေမယ့် ပြည်ထောင်စု အစိုးရက လုံခြုံရေးအမြင့်ဆုံး ထောင်လေးခု ဆောက်ပေးခဲ့ ပြီးပြီလို့လည်း ပြောပါတယ်။ ဒါ့အပြင် ဘရာဇီး ပြည်နယ်တခုစီမှာ နောက်ထပ် ထောင် ၂၅ ခုစီ ထပ်ဆောက်မယ်လို့ သမ္မတက ဆက်ပြောပါတယ်။ ဘရာဇီးရဲ့ ထောင်စနစ်ဟာ ကမ္ဘာ့လေးခုမြောက် အကြီးဆုံးပါ။ ထောင်သား အယောက် ၆ သိန်း ၂ သောင်း ကျော်ရှိပါတယ်။ ရာဇဝတ်သားဦးရေ တကယ် ထိန်းသိမ်းနိုင်စွမ်းထက် ၅၀ ရာခိုင်နှုန်း ကျော်လွန် ထိန်းသိမ်း ထားရပါတယ်။ ထောင်စုစုပေါင်း ၁၄၀၀ ရဲ့ အားလုံးနီးပါးကို ပြည်နယ် အစိုးရက အုပ်ချုပ် ပါတယ်။ ဒီနှစ်ထဲမှာ ဘရာဇီးရဲ့ သြဇာ အကြီးဆုံး မူးယစ်ဂိုဏ်းကြီး ပီစီစီနဲ့ အဓိက ပြိုင်ဘက် ရဒ်ကမ်မန်း တို့ကြား ကွဲပြဲ ပြိုင်ဆိုင်မှုကြောင့် အကြမ်းဖက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up