Home
မေးမြန်းခန်း
တပ်မတော်နဲ့ အဆင်ပြေရေး တခုတည်းကို ဦးတည်လို့မရဘူး - ဒေါက်တာရန်မျိုးသိမ်း
အောင်သူ
·
January 19, 2017
နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြည်တွင်းပြည်ပ အန္တရာယ်တွေနဲ့ စပ်လျဉ်းပြီးတော့ မဟာဗျူဟာရှုထောင့်က လေ့လာသုံးသပ်နိုင်ဖို့ နိုင်ငံတော်သမ္မတက ဦးသောင်းထွန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုမျိုး ခန့်အပ်လိုက်ခြင်းနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုတွေ အားနည်းချက်၊ အားသာချက်တွေ ရှိမလဲဆိုတာကို မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းနဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ပထမဦးဆုံးအနေနဲ့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး ဆရာ့ရဲ့အမြင် သဘောထားလေးကို ပြောပြပေးပါလား ဆရာ။ ဖြေ - ကျနော့်အမြင်ကတော့ ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးရော၊ ငြိမ်းချမ်းရေးရောမှာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေ အင်မတန်မှ မြင့်မားတာ တွေ့ရတယ်။ အဲဒီလိုမြင့်မားတဲ့နိုင်ငံမျိုးမှာ အမျိုးသားလုံခြုံရေးဆိုတာ အင်မတန်မှ မဟာဗျူဟာမြောက် အရေးကြီးတဲ့ ကဏ္ဍတခုလို့ မြင်တယ်။ အဲဒီလို အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တယ်ဆိုတာ အင်မတန်မှ ကြိုဆိုသင့်တဲ့ ခြေလှမ်းတခုလို့ ကျနော်ကတော့ မြင်တယ်။ ဒါပေမယ့် အဲဒီ အမျိုးသားလုံခြုံရေးဆိုတဲ့ ကဏ္ဍကြီးက အင်မတန်မှ ကျယ်ပြန့်တဲ့အတွက်ကြောင့်မို့လို့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တဲ့သူဟာ စွမ်းဆောင်ရည် အင်မတန်မှ မြင့်မားပြီးတော့ တိုင်းပြည်နဲ့ ပြည်သူလူထုဘက်ကို ရပ်တည် အလုပ်လုပ်နိုင်တဲ့ပုဂ္ဂိုလ် တဦးထက်မက ဖြစ်ဖို့လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ မေး - ဟုတ်ကဲ့ပါ ဆရာ။ အခုခန့်အပ်လိုက်တဲ့ အကြံပေးပုဂ္ဂိုလ်ကို ကျနော်တို့ ကြည့်မယ်ဆိုရင် အရင်စစ်အစိုးရလက်ထက်ကတည်းက သံအမတ်အငြိမ်းစားတယောက်လို့ သိရတယ်ဆရာ။ အခုလို အစိုးရသစ် အပြောင်းအလဲတခုမှာ အရင်အစိုးရတုန်းက သံအမတ်ဖြစ်ခဲ့တဲ့သူတယောက်ကို နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တယောက်အနေနဲ့ ခန့်အပ်လိုက်တဲ့အပေါ်မှာရော ဆရာ ဘယ်လိုမျိုးမြင်ပါလဲ။ ဘယ်လိုသုံးသပ်ချင်ပါသလဲ ဆရာ။ ဖြေ - ကျနော့်အမြင်ကတော့ တပ်မတော်အစိုးရလက်ထက်တုန်းက အရေးပါတဲ့ သံအမတ်ဟောင်းတဦးကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာကိုတော့ ကျနော် သိပ်စိတ်တိုင်းမကျဘူး။ ဥပမာအားဖြင့် ပြည်သူလုထုနဲ့ တိုင်းပြည်ဘက်က ရပ်တည်ပြီးတော့  ဒီမိုကရေစီလှုပ်ရှားမှုနဲ့ ဒီမိုကရေစီဘက်တော်သားတွေဘက်ကနေ ရပ်တည်ပြီးတော့ အလုပ်လုပ်ခဲ့တဲ့သူတွေထဲမှာ ဒီလို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့အတွက် အရည်အချင်းပြည့်မီတဲ့သူ မရှိလို့လား။ ကျနော့်အမြင်မှာတော့ ဒီမိုကရေစီဘက်တော်သားတွေ၊ ဒီမိုကရေစီအင်အားစုတွေထဲမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ဖို့ အရည်အချင်းပြည့်မီတဲ့သူတွေ အများကြီးရှိတယ်လို့ ကျနော်က မြင်တယ်။ နောက်ပြီးတော့ စစ်အစိုးရလက်ထက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ သံအမတ်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကို ကြည့်မယ်ဆိုရင် စစ်အစိုးရက ခေါင်းခေါက်ရွေးချယ်ထားတဲ့ လက်ရွေးစင် သံတမန်တွေလို့ ပြောလို့ရတယ်။ ဆိုလိုချင်တာက အဲဒီခေတ် အဲဒီကာလမှာ တိုင်းပြည်နဲ့ ပြည်သူလူထုဘက်ကို ရပ်နိုင်သမျှ ရပ်မယ်ဆိုတဲ့ စိတ်ကူးမျိုးမရှိဘဲနဲ့ တပ်မတော်အစိုးရဘက်ကနေ မျက်စိမှိတ် ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေကိုပဲ စစ်အစိုးရက သံအမတ်အဖြစ် ရွေးချယ်ခဲ့တာ ဖြစ်တယ်။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့ စွမ်းဆောင်ရည်ဟာ လက်ရှိ သမ္မတဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့ သွားနေတဲ့ ရည်မှန်းချက်တွေ၊ ခြေလှမ်းတွေနဲ့ လိုက်လျောညီထွေ ဖြစ်ပါ့မလား။ ဟန်ချက်ညီညီ ဖြစ်ပါ့မလား။ နောက် တိုင်းပြည်နဲ့ ပြည်သူလူထု လိုလားနေတဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် တကယ်အကျိုးရှိပါ့မလားဆိုတဲ့ မေးခွန်းတွေက မေးစရာတွေ အများကြီးပဲ။ မေး - ဟုတ်ကဲ့ပါဆရာ။ ကျနော်တို့ အစိုးရသစ် ပြောင်းလဲလာတဲ့နောက်ပိုင်းမှာ အစိုးရဝန်ကြီးဌာနတွေပဲ ကြည့်ကြည့်၊ လွှတ်တော်ပိုင်းတွေမှာ ကော်မတီရေးရာဖွဲ့တာတွေပဲ ကြည့်ကြည့် ပြန်ပြီးကြည့်မယ်ဆိုရင် အရင်အစိုးရတုန်းက ပါခဲ့တဲ့သူတွေကို ဒီဘက်အစိုးရမှာ ပြန်ပြီးခေါ်လာတာ၊ ပြန်ပြီးအသုံးပြုတာတွေ ရှိတယ်။ တပ်မတော်စစ်အစိုးရလက်ထက်မှာ တကယ့်အရာရောက်ခဲ့တဲ့သူတွေကိုလည်း ပြန်ပြီးသုံးတာ ရှိတယ်ပေါ့နော်။ အဲဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်က အရင်အစိုးရနဲ့ အခုပြောင်းလဲတဲ့ကာလတခုမှာ ချိတ်ဆက်ပြီးတော့ ပြောင်းလဲတဲ့ အနေအထားကရော တိုင်းပြည်ရဲ့ ပြောင်းလဲသင့်တဲ့ အနေအထားတခုလို့ရော ဆရာမမြင်ဘူးလား။ ဖြေ - ကျနော့်အမြင်ကတော့ တဘက်ကပြောရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီးတော့ တပ်မတော်ကပဲဖြစ်ဖြစ်၊ တပ်မတော်က အငြိမ်းစားယူထားတဲ့ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ နောက် တပ်မတော်အစိုးရလက်ထက်မှာ လူယုံအဖြစ် အလုပ်လုပ်ခဲ့တဲ့ လူတွေကိုပဲ ဖြစ်ဖြစ်၊ အခုလက်ရှိအစိုးရ၊ အဖွဲ့အစည်းအသီးသီးမှာ နေရာပေးတယ်ဆိုတာက ကျနော့်အမြင်အားဖြင့်တော့ တစိတ်တဒေသတော့ မှန်တယ်လို့မြင်တယ်။ ဆိုလိုချင်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီးတော့ ကျနော်တို့ဟာ အစိုးရအဖွဲ့၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကို ဖွဲ့စည်းမယ်ဆိုရင် အဲဒီထဲမှာ ကိုယ့်လူတွေလည်း ပါဖို့လိုတယ်လို့ မြင်တယ်။ ဥပမာ ဒီမိုကရေစီဘက်ကနေ ရပ်တည်ပြီး အလုပ်လုပ်ခဲ့တဲ့သူတွေ၊ ဒီမိုကရေစီဘက်တော်သားတွေကလည်းပဲ ပါဖို့လိုအပ်တယ်လို့ မြင်တယ်။ အထူးသဖြင့်တော့ ၅၀ ရာခိုင်နှုန်းစီလောက်တော့ အနည်းဆုံး ပါဖို့လိုအပ်တယ်လို့ မြင်တယ်။ ဥပမာ လက်ရှိအခြေအနေမှာကြည့်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကိုပဲ ကြည့်ကြည့်၊ အဲဒီဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးကိုပဲ ကြည့်ကြည့်၊ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူကိုပဲ ကြည့်ကြည့် အားလုံးဟာ အစိုးရဟောင်းက လူဟောင်းတွေပဲ ဖြစ်နေတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ လက်ရှိအခြေအနေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးဝန်းကျင်မှာ ကြည့်လိုက်ရင် ကိုယ့်လူတယောက်မှ မရှိတာကို တွေ့ရတယ်။ အဲဒီလိုအခြေအနေမျိုးနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ တိုင်းပြည်နဲ့ ပြည်သူလူထုကို မျက်နှာမူပြီး ဘယ်လိုဖော်ဆောင်မလဲဆိုတာ ကျနော်တော့ နားမလည်ဘူး။ မေး - ဟုတ်ကဲ့။ ဒီလိုမျိုးမရှိခြင်းဟာ လက်ရှိအစိုးရအတွက်ရော၊ တိုင်းပြည်အတွက်ရော ရင်လေးစရာကောင်းလား။ ဖြေ - ကျနော့်အမြင်ကတော့ အဲဒီလို တိုင်းပြည်နဲ့ ပြည်သူလူထုဘက်က ဒီမိုကရေစီအပြောင်းအလဲဘက်ကနေ မားမားမတ်မတ် ရပ်တည်ခဲ့တဲ့ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ နိုင်ငံရေးသမားတွေ အဲဒီအနီးဝန်းကျင်မှာ မရှိသလောက် နည်းပါးနေတာဟာ ကျနော်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက်တော့၊ ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်တော့ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှု အကျပ်အတည်းတခုလို့ ကျနော်က သုံးသပ်ပါတယ်။ မေး - ဒါတော့ လက်ရှိအစိုးရရဲ့ တစိတ်တဒေသပေါ့နော်။ အခု ကျနော်တို့ တွေ့ဆုံမေးမြန်းမှု အနေအထားအရ လက်ရှိ အမျိုးသားအဆင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တယောက် ထမ်းဆောင်ရမယ့် တာဝန်နဲ့ ဝတ္တရားက ဘယ်လောက်အထိ သူ့မှာ လုပ်ပိုင်ခွင့်၊ နိုင်ငံကို သူ့ရဲ့ပေါ်လစီတွေ ချပြခွင့် ဘာတွေရှိနိုင်လဲ။ ဖြေ - ကျနော့်အမြင်ကတော့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးတဲ့အချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတာကို စပြီးတော့ ဥပဒေနဲ့ပြဋ္ဌာန်းပြီး ခန့်ထားတယ်။ ဒါဟာ ဒုတိယမြောက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဆိုပြီး ခန့်အပ်တယ်။  လက်ရှိအခြေအနေမှာ ထုတ်ပြန်ထားတဲ့ အမိန့်အရ ကြည့်မယ်ဆိုရင် ဒီပုဂ္ဂိုလ်ဟာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုဖြစ်စေ အကြံဉာဏ်ပေးရမယ်။ အဲဒီအတွက်ကြောင့် သူ့ရဲ့ လုပ်ပိုင်ခွင့်ဟာ အကြံပေးတဲ့ အနေအထားမျိုးမှာပဲ ရှိတယ်လို့ ကျနော်ကမြင်တယ်။ နောက်တချက်ကတော့ သူ့ရဲ့အဆင့်အတန်းက ပြည်ထောင်စုဝန်ကြီးနဲ့ တန်းတူဖြစ်တယ်။ ဒါပေမယ့်လည်း တဘက်ကကြည့်မယ်ဆိုရင် သူဟာ ပြည်ထောင်စုဝန်ကြီး မဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် မလိုအပ်ဘူးလို့ ကျနော်က မြင်တယ်။ ခြုံပြီးသုံးသပ်ရင်တော့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဟာ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ လိုအပ်တယ်။ နောက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ဆန့်ကျင်တာကို မတွေ့ရဘူး။ ဒါပေမယ့် အဲဒီလိုခန့်အပ်တဲ့ပုဂ္ဂိုလ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်ပြီးတော့ ဒီမိုကရေစီအပြောင်းအလဲအတွက် တကယ်အလုပ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ဖို့ လိုတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။ မေး - ဒီလိုမျိုးရာထူးမျိုးက အရင်အစိုးရလက်ထက်မှာ မရှိခဲ့သလို ကျနော်တို့ အာဆီယံဒေသတွင်းမှာလည်း နိုင်ငံတိုင်းမှာ ဒီလိုရာထူးမျိုး ခန့်အပ်ခဲ့တာ မရှိဘူးပေါ့နော်။ အမေရိကမှာတော့ ရှိခဲ့တယ်လို့ သိရတယ်ပေါ့။ အခု မြန်မာနိုင်ငံမှာ ဒီလိုရာထူးမျိုးက လက်ရှိအနေအထားအရ ခန့်အပ်ဖို့ လိုအပ်နေသလား ဆရာ။ ဖြေ - ကျနော့်အမြင်ကတော့ နိုင်ငံတော်သမ္မတအတွက်ပဲဖြစ်ဖြစ်၊ ပြည်ထောင်စုအစိုးရအဖွဲ့အတွက်ပဲဖြစ်ဖြစ် အကြံပေးပုဂ္ဂိုလ်တွေ ခန့်အပ်တယ်ဆိုတာ ကျနော်ကတော့ ကြိုဆိုတယ်။ ဥပမာ နိုင်ငံရေးအပိုင်းအတွက်ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကဏ္ဍအတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးကဏ္ဍအတွက်ပဲဖြစ်ဖြစ် အကြံပေးပုဂ္ဂိုလ်တွေ ခန့်အပ်တယ်ဆိုတာ ကောင်းတယ်လို့ ကျနော်ကတော့မြင်တယ်။ နိုင်ငံတော်သမ္မတရော၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရော ဒီအကြံပေးပုဂ္ဂိလ်တွေရဲ့ သုံးသပ်ချက်တွေ၊ အမြင်တွေ၊ သဘောထားတွေကို နားထောင်ဖို့ လိုအပ်တယ်။ တချိန်တည်း တပြိုင်နက်တည်းမှာပဲ အကြံပေးပုဂ္ဂိုလ်တွေ ခန့်အပ်တာဟာ အရေးကြီးသလို တဘက်က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ပြည်သူလူထုရဲ့အသံကိုလည်း တိုက်ရိုက်နားထောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒါမှသာလျှင် ကျနော်တို့တိုင်းပြည်ရဲ့ အပြောင်းအလဲဟာ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံနဲ့ တထပ်တည်းသွားတဲ့ဘက်ကို ဦးတည်နိုင်မယ်လို့ ကျနော် သုံးသပ်ပါတယ်။ မေး - ဟုတ်ကဲ့ပါ ဆရာ။ လက်ရှိ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တယောက်ကို ခန့်အပ်လိုက်တယ်ပေါ့နော်။ နောက်ဆက်တွဲ ဒီပုဂ္ဂိုလ်တယောက်တည်း ခန့်အပ်လိုက်တာနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စတွေကို အကြံပြုရုံပဲ ပြုပေးနိုင်မှာလား။ ဒါမှမဟုတ် လုပ်ဆောင်ဖို့အတွက် အဖွဲ့အစည်းတခုရော ပေါ်လာမယ်လို့ ဆရာ မြင်ပါလား။ ဖြေ - ကျနော့်အမြင်ကတော့ အမျိုးသားလုံခြုံရေးဆိုတဲ့ ကဏ္ဍက အင်မတန်မှ ကျယ်ပြန့်တယ်။ နောက်ပြီးတော့ မဟာဗျူဟာမြောက်လည်း အင်မတန်မှ အရေးကြီးတာ တွေ့ရတယ်။ အဲဒီအခါကျတော့ ဒီကဏ္ဍကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တဦးတည်းနဲ့တော့ ကိုင်တွယ်ဖို့ မလွယ်ဘူးလို့ ကျနော် မြင်တယ်။ မေး - လက်ရှိအစိုးရလက်ထက်မှာရော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြီးရင် နောက်ထပ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ခန့်အပ်လိုက်တယ်ဆိုတော့ ကျနော်တို့ဆီမှာတော့ အကြံပေးပုဂ္ဂိုလ်ဆိုရင်တော့ လက်ရှိမှာ တယောက်တည်း ရှိသေးတာပေါ့နော်။ အစိုးရကို ဝိုင်းဝန်းအကြံပေးတဲ့ ပုဂ္ဂိုလ်တွေက နည်းနေတယ်လို့ ဆရာ မထင်ဘူးလား။ ဖြေ - မှန်တာပေါ့။ သမ္မတအတွက်ရော၊ ပြည်ထောင်စုအစိုးရအတွက်ရော နယ်ပယ်စုံ ကဏ္ဍစုံမှာ အကြံပေးပုဂ္ဂိုလ်တွေ လိုအပ်တယ်လို့ မြင်တယ်။ ဒါပေမယ့် အဲဒီလို အကြံပေးပုဂ္ဂိုလ်တွေကို ရွေးချယ်တဲ့နေရာမှာ ကျနော်တို့ဟာ သူတို့ရဲ့ နောက်ကြောင်းကို ပြန်ကြည့်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဥပမာအားဖြင့် လက်ရှိ အခု ခန့်အပ်လိုက်တဲ့ ဦးသောင်းထွန်းဆိုရင် သူဟာ ရှဲလ်မြန်မာဆိုတဲ့ ကုမ္ပဏီမှာ အတိုင်ပင်ခံ အကြံပေးအဖြစ် လုပ်နေတဲ့ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ အဲဒီတော့ ရုတ်တရက် ကြည့်မယ်ဆိုရင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ကုမ္ပဏီတခုဖြစ်တဲ့ ရှဲလ်မြန်မာမှာ အကြံပေးလုပ်နေတဲ့ ပုဂ္ဂိုလ်က ချက်ချင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်သွားတယ်ဆိုတာ နည်းနည်းတော့ သမားရိုးကျမဟုတ်သလို စဉ်းစားမိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်တယ်ဆိုတဲ့နေရာမှာ ကျနော်တို့ဟာ တပ်မတော်နဲ့ အဆင်ပြေရေး တခုတည်းကို ဦးတည်လို့မရဘူး။ တပ်မတော်က အငြိမ်းစားအရာရှိတွေနဲ့ အဆင်ပြေရေး တခုတည်းကို ဦးတည်လို့မရဘူး။ နောက်ပြီးတော့ တပ်မတော်နဲ့ အရင်တုန်းက နီးစပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ အဆင်ပြေရေးကိုပဲ ဦးစားပေးလို့မရဘူး။ အဲဒီတော့ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ ပြည်သူလူထုတရပ်လုံး၊ တိုင်းရင်းသားတွေအားလုံး အဲဒါတွေအားလုံးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဆိုလိုချင်တဲ့သဘောက ကျနော်တို့ တိုင်းရင်းသားတွေထဲမှာ ဒီလိုရာထူးမျိုးကို ရယူပြီးတော့ အလုပ်လုပ်နိုင်တဲ့သူတွေ အများကြီးရှိနိုင်တယ်။ နောက်ပြီး သိပ်မကြာသေးခင်ကလည်း သမ္မတဦးသိန်းစိန် အစိုးရကို လော်ဘီလုပ်ပေးခဲ့တဲ့ပုဂ္ဂိုလ်ကို ဘာဖြစ်လို့ ပြည်သူလူထုက မဲပေးရွေးချယ်ခဲ့တဲ့၊ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ အစိုးရက တကယ်အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နေရာကို ရွေးချယ်လဲဆိုတာ ကျနော်တော့ နားမလည်ဘူး။ တိုင်းပြည်နဲ့ ပြည်သူလူထုဘက်က စဉ်းစားမယ်ဆိုရင်တော့ ဒီရွေးချယ်မှုက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ ခဲယဉ်းတယ်လို့ သုံးသပ်ပါတယ်။ မေး - ဟုတ်ကဲ့ပါ။ အခုဆိုရင် ဒီရာထူးနဲ့ပတ်သက်ပြီး လက်ခံရရှိထားတဲ့ ဦးသောင်းထွန်းအနေနဲ့တော့ သူ့ရဲ့တာဝန်နဲ့ ဝတ္တရားကို မလုပ်ဆောင်ရသေးဘူးပေါ့နော်။ ကျနော်တို့ တခုခုများ စောင့်ကြည့်ဖို့ အချိန်မတန်ဘူးလား ဆရာ။ ဖြေ - ကျနော်တို့တိုင်းပြည်ရဲ့အနေအထားက အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး၊ အမွဲတေဆုံး၊ အာရှမှာ ဒုတိယအဆင်းရဲဆုံး၊ ကျနော်တို့အောက်မှာ အာဖဂန်နစ္စတန်ပဲ ရှိတယ်။ အဲဒီတော့ ကျနော်တို့ဟာ ဆုံးဖြတ်ချက်တွေမှားရင် အဲဒီဆုံးဖြတ်ချက်ရဲ့ဒဏ်ကို ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူလူထုက ခံရမှာ။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့က အမှားအယွင်းနည်းနည်းနဲ့ မြန်မြန် မှန်မှန်လုပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ကျတယ်ဆိုတာ မရှိဘူး။ စောတယ်ဆိုတာ မရှိဘူး။ ကျနော်တို့ဟာ တတ်နိုင်သမျှ အကောင်းဆုံးနဲ့ အမြန်ဆုံး၊ အထိရောက်ဆုံး တိုင်းပြည်ရဲ့ အပြောင်းအလဲကို ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024