ဘရာဇီးတွင် ထောင်တွင်းအကြမ်းဖက်မှုဖြစ်ပြီးနောက် ထောင်သား ၂၀၀ ကျော်ကို ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
ဘရာဇီးနိုင်ငံ ရီယိုဂရန်ဒေဒိုနော်တေပြည်နယ် နာတယ်လ်မြို့ ထောင်ကနေ ထောင်သား အယောက် ၂၀၀ ကျော်ကို ရဲတွေက ဇန်နဝါရီ ၁၈ ရက်မှာ ရွှေ့ပြောင်းနေပါတယ်။ လတ်တလောရက်တွေအတွင်း ဒီထောင်မှာ ပြိုင်ဘက် မူးယစ်ဂိုဏ်းဝင်တွေကြား အကြမ်းဖက်ခဲ့လို့ ထောင်သား ၂၆ ဦး ခုတ်သတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဂိုဏ်းသားတွေကို နေရာခွဲထုတ်နေရတာပါ။ ဘရာဇီးနိုင်ငံတွင်း ထောင်တွေမှာ လူတွေကြပ်ညပ်နေတဲ့အပြင် ရာဇဝတ်ဂိုဏ်းတွေ အချင်းချင်း ပြိုင်ဆိုင်မှုကြောင့် အဓိကရုဏ်းတွေ ပြင်းထန်ခဲ့ပါတယ်။ ဂိုဏ်းသားတဖြစ်လဲ ထောင်သား အယောက် ၂၂၀ ကို နာတယ်လ်မြို့ပြင်က ပါနာမီရင်မ် ထောင်ဆီ လွှဲပြောင်းမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အထူးရဲတပ်ဖွဲ့က ထောင်တွင်း အချုပ်ခန်းတွေကို ရှာတာမှာ လက်နက်တွေ၊ ကျည်ကာအင်္ကျီတထည်နဲ့ ဓားတွေ အမြောက်အမြား တွေ့ခဲ့တယ်လို့ ပြည်နယ် လုံခြုံရေး အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။ ဂိုဏ်းတွေကို ခွဲပြီး ထောင်ပြောင်းမယ့်အရေးကို ထောင်သားတွေက မခုခံခဲ့ဘူး၊ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထောင်က ပြန်ငြိမ်သွားပြီလို့ သူက ဆက်ပြောပါတယ်။ မူးယစ်ကုန်ကူးမှုလမ်းကြောင်းကို ထိန်းချုပ်ရေး အငြင်းပွားတဲ့ ဂိုဏ်းတွေကြား ထိပ်တိုက်တွေ့မှု အသစ် ထပ်ဖြစ်ခဲ့လို့ ရဲတွေက ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဓာတ်ငွေ့တွေကို သုံးပြီး ဇန်နဝါရီ ၁၇ ရက်နေ့က ဖြိုခွဲခဲ့ရပါတယ်။ သူတို့ဟာ ဘရာဇီးဈေးကွက်ထဲမှာ မူးယစ်ဆေး ဖြန့်ဖြူးဖို့ ဒါမှမဟုတ် အမေဇုန်ဒေသကနေ ဥရောပကို သင်္ဘောနဲ့တင်ပို့ဖို့ လမ်းကြောင်းတွေကို ထိန်းချုပ်ရေး ပြိုင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ နာတယ်လ်မြို့မှာတော့ ဘတ်စ်ကား ၁၃ စီး မီးလောင်ပျက်စီးပါတယ်။ ထောင်သားတွေ ပြောင်းမယ့်အရေးကို ဆန့်ကျင်ပုံပေါ်တယ်လို့ မီဒီယာတွေက ရေးပါတယ်။ ၂၀၁၇ နှစ်စပိုင်းက စပြီး ဘရာဇီးထောင်တွေမှာ အကြမ်းဖက်မှုကြောင့် ထောင်သား အနည်းဆုံး ၁၄၀ သေဆုံးပြီး အများအပြားက ခေါင်းဖြတ်ခံ၊ ခြေလက် တစစီ အခုတ်ခံကြရပါတယ်။ သမ္မတ မစ်ချယ် တမ်မာကတော့ ထောင်တွေကို စောင့်ဖို့နဲ့ အကြမ်းဖက်မှု ဟန့်တားဖို့ နိုင်ငံမြောက်ပိုင်း ပြည်နယ်တွေဆီကို စစ်တပ်စေလွှတ်ဖို့ ဇန်နဝါရီ ၁၇ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up