တပ်အင်အား မဖြည့်တင်းရန်နှင့် စခန်းသစ်မဆောက်ရန် တပ်မတော် ပြောဆို
DVB
·
January 19, 2017
တပ်အင်အားမဖြည့်တင်းဖို့၊ တပ်စခန်းသစ်မဆောက်ဖို့ အချက်တွေကို မလိုက်နာလို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေရတာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုလိုက်ပါတယ်။
“တပ်အင်အား မဖြည့်တင်းဖို့၊ တပ်စခန်းသစ် မဆောက်ဖို့ သဘောတူထားပြီးသား။ ရှိပြီးသား အင်အားကိုပဲ ထိန်းရမယ်။ ရှမ်းမြောက်မှာ ဘာလို့တိုက်ပွဲတွေဖြစ်နေတာလည်း အဲအချက်တွေ မလိုက်နာလို့ဖြစ်နေတာ။ လိုက်နာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်စရာမရှိဘူး။ နှစ်ဖတ်တပ်တွေ စည်းကမ်းချက်တွေကို လိုက်နာပြီး နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အဖြေရှာရမှာ”လို့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ကပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက်နေ့က နေပြည်တော်မှာရှိတဲ့ NRPC အဆောက်အအုံမှာ ပြုလုပ်တဲ့ Peace Process Orientation Course(1/2017) မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ)အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်ဟာ တရားဝင် ၉ ကြိမ်ဆွေးနွေးခဲ့ပြီး အလွပ်သဘောနဲ့ ၂၈ ကြိမ် ဆွေးနွေးခဲ့ပါတယ်။
သတင်း - အောင်ဆန်းဦး