Home
မြန်မာသတင်း
ကေအိုင်အေတပ်စခန်း ၃ ခုကို လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် တပ်မတော်က သိမ်းပိုက်
နော်နိုရင်း
·
January 19, 2017
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ရဲ့  တပ်မဟာ ၃ တပ်ရင်း ၁၂ ဌာနချုပ်အပါဝင် စခန်း ၃ ခုကို လေကြောင်းနဲ့ အမြောက်လက်နက်ကြီး ပစ်ကူတွေသုံးပြီး သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မန်ဝိန်းကြီးကျေးရွာရဲ့ အနောက်တောင်ဘက် ၂၄ မိုင်လောက်အကွာမှာရှိတဲ့ ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၁၂ ဌာနချုပ်စခန်းပါအ၀င် ၃ ခုကို မနေ့ မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါစခန်းကို ဇန်န၀ါရီ ၁၃ ရက်ကစပြီး တိုက်ခိုက်ခဲ့ပြီး ဇန်န၀ါရီ ၁၇ ရက် နေ့လယ်ပိုင်းကစတင်ပြီး လေကြောင်း၊ အမြောက်နဲ့ လက်နက်ကြီးပစ်ကူရယူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်အောင်ကတော့ အဆိုပါဒေသကို အစိုးရတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြာပြီဖြစ်ပြီး ကေအိုင်အေရဲ့စခန်းတွေကို တောက်လျောက်သိမ်းနေတယ်လို့ ပြောပါတယ်။ “အခု တောက်လျှောက်သိမ်းနေတာပါပဲဗျာ။ အဲဒီရင်း ၁၂ မှာတော့ လေယာဉ်နဲ့လည်း အကြီးအကျယ် ဆော်နေတာပဲ။ သူက တပ်ရင်းတရင်းဆိုရင် ပတ်ဝန်းကျင်မှာ ပို့စ်တွေများကြီးတော့ ရှိပါတယ်။ ” လက်ရှိသိမ်းပိုက်လိုက်တဲ့စခန်း ၃ ခုဟာ အဖိုးတန်သယံဇာတသစ်တွေကို တရားမ၀င်ခိုးထုတ်ရာ လမ်းကြောင်းမှာ အဓိကထိန်းချုပ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ စခန်းတွေဖြစ်တယ်လို့လည်း တပ်မတော်က ထုတ်ပြန်ပါတယ်။ ဦးဆန်အောင်ကတော့ “အဲဒါကတော့ ၀ါဒဖြန့်တာ သက်သက်နေမှာပါ။  အဲဒါက ကေအိုင်အေတခုတည်း လုပ်လို့မှ မရတာ။ ပြီးတော့ သစ်တွေက စစ်ကိုင်းတိုင်းဘက်လာတဲ့ သစ်တွေပဲဖြစ်နေတဲ့ အခါကျတော့ ဒါက အားလုံးနဲ့ အကျုံးဝင်နေတယ်။ တပ်ရင်း ၁၂ တခုနဲ့ သူ့ခွင်မှာက သစ်က ရှိမှမရှိတာ။ အဲဒါတွေပြောတာကတော့ အမြဲတမ်းသုံးနေတဲ့ စကားလုံးပဲလို့ ကျနော်က အဲလိုပဲ မြင်ပါတယ်။” ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာလည်း ကေအိုင်အေရဲ့ အမာအခံစခန်းတွေဖြစ်တဲ့ လိုင်ဖောင်နဲ့ ဂိဒေါင်စခန်းတွေကို အစိုးရတပ်က သိမ်းပိုက်ခဲ့ပါတယ်။ အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့်လည်း ထောင်နဲ့ချီပြည်တွေ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024