မက္ကဆီကိုတွင် ကျောင်းသားတဦးက စာသင်ခန်းတွင်း သေနတ်ဖြင့်ပစ်ခတ်သည့်ရုပ်သံ ထွက်ပေါ်

မက္ကဆီကိုမြောက်ပိုင်းက အမေရိကန် ကျောင်းတကျောင်းမှာ စိတ်ကျရောဂါ ခံစားနေရတဲ့ ဆယ်ကျော်သက် ကျောင်းသားတဦးက ဇန်န၀ါရီ ၁၈ ရက်နေ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ ဆရာ ၁ ဦး ဒဏ်ရာရပါတယ်။ အဲဒီနောက် သူဟာ သူ့မေးစေ့ကို သေနတ်နဲ့ ပြန်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရုပ်သံနဲ့ ဖမ်းယူ နိုင်ခဲ့ပြီး ဒါဟာ အစဉ်အလာ မဟုတ်တဲ့ တိုက်ခိုက်မှုလို့ ပြည်နယ်အရာရှိတွေက ပြောပါတယ်။ အသက် ၁၅ နှစ်အရွယ် ကျောင်းသားဟာ ကော်လေဂီယို အမေရိကာနိုဒယ် နိုရဲ့စ်တေ ကျောင်းထဲကို သေနတ်တလက်နဲ့ ဝင်လာပြီး စပစ်ခတ်ခဲ့တာလို့ မက္ကဆီကို မြောက်ပိုင်း နွီဗိုလီယွန်ပြည်နယ် လုံခြုံရေး ပြောခွင့်ရက ပြောပါတယ်။ အသက် ၁၅ နှစ်နဲ့ ၁၄ နှစ်အရွယ် ကျောင်းသား ၂ ဦး အပစ်ခံရပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ အရေးမယူရသေးဘူးလို့ သူက ရုပ်သံကို ပြောပါတယ်။ အပစ်ခံရသူတွေ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ မပြောပါဘူး။ နှစ်ဘာသာသင် ပုဂ္ဂလိက ကျောင်းရဲ့ အပြင်မှာ လူနာတင် ကားတွေနဲ့ ရဲတွေရဲ့ ပုံကို ရုပ်သံက ပြပါတယ်။ ဒီကျောင်းထဲမှာ မူကြို၊ မူလတန်းနဲ့ အထက်တန်း စာသင်ခန်းတွေလည်း ရှိတာကို ရုပ်သံက ပြသပါတယ်။ ပစ်ခတ်သူဟာ ပွိုင့်တူးတူး ကာလီဘာ သေနတ်ကို အိမ်ကနေ ယူလာခဲ့တာ ဖြစ်ပြီး အခုတော့ သူ့ကို စိတ်ကျရောဂါ ကုသပေးနေရတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ အားလုံးကို ဆေးရုံကို အမြန်ပို့ခဲ့တယ်လို့ ပြည်နယ် အရေးပေါ်ဌာန ပြောခွင့်ရက ပြောပါတယ်။ စာသင်ခန်း ကြမ်းပြင်ပေါ်မှာ လူ ၃ ဦး ခေါင်းနားမှာ သွေးတွေနဲ့ လဲလျောင်းနေပုံ ဓာတ်ပုံတွေကတော့ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။ ဒီပုံတွေ စစ်မှန်မှုကို သီးခြား စစ်ဆေးနိုင်မှုတော့ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up