Home
မြန်မာသတင်း
ပြည်နယ်တိုင်းလွှတ်တော်များ ကိုယ်ပိုင်ဝန်ထမ်း ခန့်နိုင်ပြီ
ရွှေအောင်
·
January 18, 2017
  ပြည်နယ်တိုင်းလွှတ်တော်များအနေနဲ့ သူတို့ရဲ့ ရုံးဝန်ထမ်းအဖွဲ့အစည်းများကို သီးခြားခန့်ထားနိုင်ခွင့် ရရှိတော့မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ဇန်န၀ါရီ ၁၇ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး ဒီလိုခန့်ထားနိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ဇန်န၀ါရီ ၅ ရက်မှာ ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ “တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရုံးများ ဖွဲ့စည်းမှုအတွက် ပြည်ထောင်စုလွှတ်တော်ရုံးကို မိခင်ဌာနအဖြစ် သတ်မှတ်၍ သီးခြားဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ပါကြောင်း၊ ယင်းသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆) တွင် ဆုံးဖြတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ (၅) ရက်တွင် ခွင့်ပြုချက် ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ အနေဖြင့် မိမိတို့၏ ရုံးဝန်ထမ်း အဖွဲ့အစည်းများကို သီးခြား ခန့်ထားနိုင်ခွင့်ရရှိတော့မည် ဖြစ်ပါကြောင်း။” ဒီ့အရင် ပြည်နယ်တိုင်းလွှတ်တော်တွေမှာရှိတဲ့ ၀န်ထမ်းတွေဟာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက  ၀န်ထမ်းတွေဖြစ်ပါတယ်။ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က လွှတ်တော်ဝန်ထမ်းတွေကို မိခင်ဌာနက ပြန်ခေါ်ယူတာမျိုး ရှိခဲ့ဖူးတယ်လို့ ပြောပါတယ်။ “ထွေအုပ်က လွှတ်တော်ဝန်ထမ်းကို ပြန်ခေါ်တာမျိုး ရှိခဲ့ဖူးပါတယ်။ ရှိခဲ့ဖူးတော့ လွှတ်တော်နဲ့ အသားကျပြီး လွှတ်တော်အလုပ်နဲ့ အကျွမ်းတ၀င်ရှိပြီးသား ၀န်ထမ်း ပြန်ပါသွားပြီး အသစ်တယောက် ထပ်ရောက်လာတော့ အလုပ်က အစက ပြန်သင်ပေးနေရတာပေါ့။ အခုတော့ ထွေအုပ်ဝန်ထမ်းတွေ ကိုပဲ သူတို့ သဘောမေးပြီး လွှတ်တော်ဝန်ထမ်းအဖြစ် သတ်သတ်မှတ်မှတ် ထားနိုင်ပြီပေါ့။” ဖွဲ့စည်းပုံအရ တိုင်းလွှတ်တော်တွေမှာ လွှတ်တော်ဝန်ထမ်း ၇၀ ခန့် ခန့်ထားနိုင်မှာဖြစ်ပြီး ပြည်နယ်လွှတ်တော်တွေမှာ ၆၀ ခန့် ခန့်ထားနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ သီပေါလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ အစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ လွှတ်တော် ၀န်ထမ်း ခန့်ရတယ်ဆိုတာ လွဲနေတယ်လို့ ပြောပါတယ်။ “တခုလွဲနေတယ်လို့ ထင်ပါတယ်။ ပြည်နယ်တိုင်းလွှတ်တော်တွေက ဝန်ထမ်းစီမံခန့်ထားခွင့်က ပြည်ထောင်စုအစိုးရက ခွင့်ပြုမှရတာ မဟုတ်ပါ။ အခြေခံဥပဒေအရ ပြည်နယ်တိုင်းတွေကဘဲ ဥပဒေပြဋ္ဌာန်းစီမံခန့်ခွဲခွင့်ရှိပြီး ဖြစ်ပါလိမ့်မယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024