မြန်မာစစ်ရှောင်ဒုက္ခသည်များကို ပြန်နှင်ထုတ်ခဲ့ခြင်းမရှိဟု တရုတ်တုံ့ပြန်
DVB
·
January 18, 2017
တရုတ်နိုင်ငံဘက်ကို ထွက်ပြေးဝင်ရောက်လာတဲ့ ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေကို ၀င်ခွင့်မပေးပဲ ဟန့်တားပိတ်ပင်ခဲ့တာ မရှိဖူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲမှာ မြန်မာတပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲကြောင့် ထွက်ပြေးတဲ့ ဒုက္ခသည် ၄၀၀၀ လောက်တရုတ်ဘက်က နှင်ထုတ်တာခံခဲ့ရတယ်လို့ မြန်မာသတင်းမီဒီယာတွေမှာဖော်ပြခဲ့တာနဲ့ပတ်သက်လို့ တရုတ်ဘက်က တုံ့ပြန်လိုက်တာပါ။
စစ်ဘေးရှောင် အိုင်ဒီပီတွေ တရုတ်နိုင်ငံထဲ ၀င်ရောက်လာတာကို တရုတ်ဘက်က တားဆီးခဲ့တာမရှိတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အိုင်ဒီပီတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ဆက်လက်ကူညီထောက်ပံ့ပေးနေတယ်လို့ တရုတ်သံရုံးပြောရေး ဆိုခွင့်ရှိသူက သံရုံးထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒေသဆိုင်ရာ မြန်မာအာဏာပိုင်တွေက စစ်ရှောင်အိုင်ဒီပီတွေ ပြန်လည်နေရာချထားရေးနဲ့ စီမံခန့်ခွဲမှုတွေကို ပိုမိုအားထုတ်လုပ်ဆောင်နေပြီး မလိုအပ်ရင် တရုတ်နိုင်ငံဘက်ကိုမသွားခိုင်းတာ ကြားသိရတယ်လို့ လည်းဆိုပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ မြန်မာတပ်မတော်နဲ့ ကေအိုင်အေတိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်ပြည်သူ ၃၉၀၀ လောက် အိုင်စီပီ ဒုက္ခသည်စခန်းတွေကနေ နေရာရွေ့ပြောင်းခဲ့ရ တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ တပ်မတော် အကြားတိုက်ပွဲတွေကြောင့် လူပေါင်း ၄၀၀၀ လောက် ထပ်ပြီး နေရပ်စွန့်ခွာထွက်ပြေးခဲ့ ရတယ်လို့လည်းဆိုပါတယ်။