ထိုင်းနိုင်ငံတွင်း အိတ်ခ်ျအိုင်ဗွီပိုး လိုက်လံဖြန့်ဝေနေသည့် ချက်နိုင်ငံသားကို ဖူးခက်တွင် ဖမ်းမိ

ဓာတ်ပုံ - Immigration police
ထိုင်းနိုင်ငံတွင်း အထူးသဖြင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အိတ်ခ်ျအိုင်ဗွီပိုးတွေ လိုက်လံဖြန့်ဝေနေတယ်ဆိုတဲ့ နိုင်ငံခြားသား ဝရမ်းပြေးတဦးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေခဲ့ပြီးနောက်မှာ သူ့ကို ဖမ်းမိခဲ့ပြီလို့ ရဲတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။ အသက် ၅၂ နှစ်အရွယ် ဇဒန်းနက်ခ် ဖိုက်ဖာ အမည်ရတဲ့ အဲဒီ ချက်နိုင်ငံသားကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့မှာ ဒေသခံတဦးရဲ့ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့တာပါ။ ဖိုက်ဖာဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့အတူ နိုင်ငံဖြတ်ကျော် အိတ်ခ်ျအိုင်ဗွီ လိုက်လံဖြန့်ဝေနေတယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) က အလိုရှိနေသူတဦးဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူဟာ ထိုင်းအမျိုးသား၊ အမျိုးသမီးပေါင်းများစွာကို အိတ်ခ်ျအိုင်ဗွီဗိုင်းရပ်စ် ကူးစက်စေခဲ့တယ်လို့ အစောပိုင်းကာလတုန်းက ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ ရဲတွေဟာ ဖူးခက်မြို့မှာ ကင်းလှည့်နေချိန် ဝရမ်းပြေးတဦးအဖြစ် အလိုရှိကြောင်း ကြော်ငြာထားတဲ့ ပိုစတာမှ ဖိုက်ဖာနဲ့တူတဲ့ သူတဦးကို တက်စကိုလော့တ်တပ်စ် ကုန်တိုက် ကားရပ်နားတဲ့နေရာမှာ ဆိုင်ကယ်ထိုးရပ်ပြီး ကုန်တိုက်ထဲဝင်သွားတာကို တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကုန်တိုက်အနီးတဝိုက် ဧရိယာတွေကို ဝင်ရောက်ပြီး ရှာဖွေခဲ့ချိန်မှာ ဖိုက်ဖာကို တွေ့ရှိခဲ့ကြပေမယ့် သူဟာ အရေးပေါ်အိမ်သာကို အသုံးပြုခဲ့ပြီးနောက် လွတ်မြောက်သွားခဲ့တာပါ။ ဒါပေမယ့် နာရီအနည်းငယ်အကြာမှာတော့ ရဲတွေဟာ သူငှားရမ်းထားတဲ့နေအိမ်မှာ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up