Homeမြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ၂ ဦးကို ထုတ်ပယ်ပေးရန် ကြံ့ဖွံ့ပါတီ တောင်းဆို
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ၂ ဦးကို ထုတ်ပယ်ပေးရန် ကြံ့ဖွံ့ပါတီ တောင်းဆို
DVB
·
January 17, 2017
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်နှစ်ဦးကို ထုတ်ပယ်ပေးဖို့ တောင်းဆိုထားတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။
“ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်နှစ်ဦးကို အဖွဲ့ဝင်ခန့်ထားခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီလို့ အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပေးဖို့ တင်ပြထားတယ်။ ထုတ်ပယ်တာ၊ မထုတ်ပယ်တာကတော့ စစ်ဆေးတဲ့ အဖွဲ့ဝင်တွေရဲ့အလုပ်ပါ။ ကျနော်တို့ကတော့ စည်းမျဉ်းနဲ့မညီဘဲ ခန့်ထားတဲ့အတွက် စစ်ဆေးပေးဖို့ တင်ပြထားတယ်။ အခုစစ်ဆေးနေတယ်လို့ သိရတယ်”လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးပိုက်ထွေးက ပြောပါတယ်။
ဇန်န၀ါရီ ၁၇ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်အဆောက်အအုံမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုခဲ့တာပါ။
လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနဲ့ လစ်လပ် ၁၉ နေရာလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒေသအလိုက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တွေ ယုံကြည်ထောက်ခံတဲ့ ဒေသခံတွေကို ရွေးချယ်ထားပြီး ၀န်ကြီး၊ ဒုဝန်ကြီးဟောင်းတွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေ ပါဝင်တာမရှိဘူးလို့ ဆိုပါတယ်။
သတင်း၊ ဓာတ်ပုံ- အောင်ဆန်းဦး