Homeမြန်မာသတင်း
ဘီးလင်းတွင် ဆရာကန်တော့ပွဲမှာ ကျွေးမွေးတဲ့ ခေါက်ဆွဲကြော်စားရာမှ လူ ၃၀ နီးပါး အစာအဆိပ်သင့်
ဘီးလင်းတွင် ဆရာကန်တော့ပွဲမှာ ကျွေးမွေးတဲ့ ခေါက်ဆွဲကြော်စားရာမှ လူ ၃၀ နီးပါး အစာအဆိပ်သင့်
DVB
·
January 17, 2017
မွန်ပြည်နယ်၊ ဘီးလင်းမြို့ အထကရဲ့ သက်ကြီးဆရာပူဇော်ကန်တော့ပွဲမှာ ကျွေးမွေးတဲ့ ခေါက်ဆွဲကြော် စားသုံးမိရာကနေ လူ ၃၀ နီးပါးလောက် အစာအဆိပ်သင့်ဖြစ်ကာ ဆေးကုသမှုခံယူခဲ့ရပါတယ်။
ဇန်နဝါရီ ၁၅ ရက်က ဘီးလင်း အထက်တန်းကျောင်းရဲ့ ၁၄ ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲမှာ နိဗ္ဗာန်ဈေးစတုဒီသာ ခေါက်ဆွဲကြော် စားခဲ့ကြပြီး ဇန်နဝါရီ ၁၆ ရက်နေ့၊ ည ၉ နာရီကျော် အချိန်မှစတင်ကာ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်က လူ ၃၀ ကျော်လောက် အစာအဆိပ်သင့် အော့အန်၊ ဝမ်းသွားမှုဖြစ်ကာ ဘီးလင်းဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ကြ ရတာပါ။
ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက "လက်ရှိတော့ ဆေးရုံမှာ ၂၃ ဦးလောက်ပဲ ကျန်တော့တာပါ။ အများဆုံးကတော့ ဆရာစံရပ်ကွက်က လူတွေများပါတယ်။ တချို့ခေါက်ဆွဲကျော်တမျိုးထဲဘဲစားပြီး ဖြစ်ကြသလို တချို့လည်း မစားဘဲနဲ့ ဖြစ်တဲ့ သူတွေ ရှိပါတယ်။ စတုဒီသာမှာကျွေးတာက အစုံပါဘဲ။ အဓိက ခေါက်ဆွဲကြော် ဖြစ်နေတယ်။ ဒါကလည်းခေါက်ဆွဲကြောင့်တော့ မဟုတ်ပါဘူး။ သူ့ထဲမှာပါဝင်တဲ့ ဟင်းသီးဟင်းရွက် တွေ မလတ်ဆက်တဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။ အခုလည်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာန အဖွဲ့က စစ်ဆေးမှုတွေပြုလုက်နေပါတယ်။ အဖြေတော့အတိအကျ မထွက်သေးပါဘူး။ ဆေးရုံတက် လူနာတွေကလည်း စိုးရိမ်စရာမရှိတော့ပါဘူး"လို့ ပြောပါတယ်။
ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေသူတွေကို ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးနဲ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
သတင်း - ကိုကိုယူ၊ ဓာတ်ပုံ - Thiri Yadanar