Home
ဆောင်းပါး
ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းနဲ့ သတင်းမီဒီယာရဲ့အခန်းကဏ္ဍ
DVB
·
January 17, 2017
  အာဏာမရှိသော်လည်း သြဇာရှိသည့် မဏ္ဍိုင် ၁၇၈၇ ခုနှစ်လောက်က သောမတ်ဂျက်ဖာဆင်ဟာ အက်ဒွပ်ကာရင်တန်ဆီကို ဒီလို စာရေးခဲ့ဖူးတယ်။ တကယ်လို့ “သတင်းစာတွေမရှိတဲ့ အစိုးရနဲ့ အစိုးရမရှိတဲ့ သတင်းစာ ဘယ်ဟာရွေးမလဲ”လို့ မေးလာခဲ့ရင် အစိုးရမရှိတဲ့သတင်းစာကို ရွေးမယ်လို့ ဆိုခဲ့ပါတယ်။ သူ ဆိုလိုတဲ့အဓိပ္ပာယ်က လွတ်လပ်တဲ့ သတင်းစာတွေဟာ အစိုးရတရပ်ကို ထိန်းကျောင်းရေးမှာ အလွန်အရေးကြီးတဲ့ အခန်းကပါဝင်တယ်လို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံတနိုင်ငံမှာ နိုင်ငံသူနိုင်ငံသားတွေက သူတို့ကို ကိုယ်စားပြုမယ့် ဥပဒေပြုသူတွေ၊ အုပ်ချုပ်သူတွေကို လွတ်လပ်စွာ မဲပေးရွေးချယ်တင်မြှောက်ခွင့်ရှိတဲ့ အစိုးရစနစ်တရပ်လို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လွတ်လပ်ဆန္ဒမဲအများစု ထောက်ခံမှုနဲ့ တက်လာတဲ့အစိုးရဟာ “ပြည်သူများအတွက် ပြည်သူများရဲ့ ပြည်သူ့အစိုးရ (a government of the people, by the people and for the people.)  ဖြစ်နေသင့်ပါတယ်။ ဒီလိုဖြစ်နေအောင် ထိန်းကျောင်းရာမှာ လွတ်လပ်တဲ့မီဒီယာရှိမှုက အလွန်အရေးကြီးပါတယ်။ ဒါကြောင့်ပဲ လွတ်လပ်တဲ့မီဒီယာကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်များနဲ့အပြိုင် စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ်ကြတာပါ။ စတုတ္ထမဏ္ဍိုင်အနေနဲ့ မီဒီယာဟာ ကျန်တဲ့မဏ္ဍိုင်သုံးရပ်က လုပ်ကိုင်ဆောင်ရွက်နေမှုများ ပွင့်လင်းမြင်သာရှိစေဖို့နဲ့ ပြည်သူလူထု အကျိုးစီးပွားကာကွယ်ဖို့ စောင့်ကြည့်တဲ့တာဝန်ကို ယူရပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ ဒီမဏ္ဍိုင်လေးရပ်မှာ မီဒီယာမဏ္ဍိုင်ဟာ အာဏာပါဝါမရှိသော်လည်း သြဇာရှိပါတယ်။ အခြားမဏ္ဍိုင်သုံးရပ်က ပြည်သူလူထုနဲ့ ပြည်သူ့အကျိုးစီးပွါးအပေါ် မတော်မတရား လုပ်ကိုင်ဆောင်ရွက်လာရင် ဖြစ်စေ၊ အာဏာကို အလွဲသုံးစွဲလာရင် ဖြစ်စေ ထိထိရောက်ရောက် ဝေဖန်ထောက်ပြခြင်းဖြင့် ပြည်သူလူထုကို အသိပေးရပါတယ်။ ဒီလို ကျယ်ကျယ်ပြန့်ပြန့်အသိပေးမှု တွေက ရွေးကောက်ပွဲတွေအပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ ရိုးသားပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ အစိုးရတရပ်ဟာ နောက်တကြိမ် ရွေးကောက်ပွဲမှာ အနိုင်ရနိုခြေများသလို အကျင့်ပျက်ပြီး ပြည်သူအပေါ် တာဝန်ယူစိတ်မဲ့တဲ့ အစိုးရတရပ်ဟာ ရှုံးနိမ့်ဖို့ များပါတယ်။ ဒါကြောင့် အာဏာမရှိသော်လည်း သြဇာရှိတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ဒီမိုကရက်တစ်လူ့ဘောင်မှာ ဘက်လိုက်မှုကင်းပြီး အမှန်တရားနဲ့ ပြည်သူလူထုအကျိုးစီးပွားဘက်က ရပ်တည်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ မီဒီယာဟာ ပြည်သူလူထုထံ သတင်းစကားတွေပေးတဲ့အခါ အဖြစ်အပျက်တွေဟာ မှန်ကန်တိကျဖို့နဲ့ မျက်နှာမလိုက်ဖို့ အရေးကြီးတယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာ သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်စေသင့်တယ်။ ပြည်သူလူထုကို လမ်းမှားရောက်အောင် တလွဲဦးဆောင်တာမျိုး မဖြစ်သင့်ဘူး။ မီဒီယာများက လိုက်နာရမယ့် ဒီလိုကျင့်ဝတ်တွေဟာ စတင်ပေါ်ပေါက်လာကတည်းက တပါတည်း ပါလာကြတာတော့ မဟုတ်ပါ။ သတင်းစာများစတင်ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း မီဒီယာလို့ဆိုရာမှာ သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ ပါဝင်ပါတယ်။   သတင်းစာဟာ မီဒီယာလောကမှာ ရေဒီယို၊ ရုပ်မြင်သံကြားတွေထက် အရင်ပေါ်လာတာဖြစ်ပြီး စတင်ပေါ်ပေါက်လာပုံက အလွန်စိတ်ဝင်စားဖို့ကောင်းတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ လောက် ဥရောပရဲ့ ရီနေးဆင့်ခေတ်ကာလ (ဥရောပသမိုင်းရဲ့ ၁၄ ရာစုနှင့် ၁၆ ရာစုကြားကာလ)မှာ ကုန်သည်တွေက သတင်းစကားတွေကို ရေးသားပြီး တယောက်နဲ့တယောက် လက်ဆင့်ကမ်း ဖတ်ခဲ့ကြတယ်။ ဒီရေးသားချက်တွေဟာ စစ်ပွဲသတင်းတွေနဲ့ စီးပွားရေး၊ လူမှုရေး စတဲ့ လူတွေ စိတ်ဝင်စားစရာကိစ္စတွေ ဖြစ်ပါတယ်။ သတင်းစာရဲ့ရှေ့ပြေး ပုံနှိပ်စာကတော့ ၁၄၀၀ ခုနှစ် နောက်ပိုင်း ဂျာမနီမှာလက်ကမ်း စာစောင်အဖြစ် စတင်ပေါ်ပေါက်ခဲ့တာပါ။ ဒီလက်ကမ်းစာထဲမှာ မကြာခဏဆိုသလို လူတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာတချို့ကို အသေးစိတ်ချဲ့ကား ရေးထားတာမျိုးတွေ ပါဝင်လေ့ရှိတယ်။ အဲဒီထဲက ထင်ရှားတာ တခုက ထရန်ဆစ်ဗေးနီးယား (ယခု ရူမေးနီးယား အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသ) ဒေသမှာနေတဲ့ ဂျာမန်တွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ လိင်အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့ “ဗလာ့တိပစ်ဒရာကူးလ်” (Vlad Tsepes Drakul) လို့ခေါ်တဲ့ သွေးစုတ်ဖုတ်ကောင် မင်းညီမင်းသား တပါးအကြောင်းဖြစ်ပြီး လူတွေ အတော်စိတ်ဝင်စားကြပါတယ်။ သူဟာ နောက်ပိုင်း ရှေးရိုးစဉ်လာ ပုံပြင်တွေမှာ သွေးစုတ်ဖုတ်ကောင် မြို့စား (Count Dracula) တဦးအဖြစ် ထင်ရှားလာသူပါ။ အင်္ဂလိပ်စကားပြောတဲ့ ကမ္ဘာမှာတော့ သတင်းစာရဲ့အစဟာ ကိုးရန်တော့စ် (corantos) လို့ ခေါ်တဲ့ လက်ကမ်းသတင်းစာစောင်များပဲ ဖြစ်တယ်။ ပထမဦးဆုံး အောင်အောင်မြင်မြင်နဲ့ ထုတ်ဝေနိုင်တာကတော့ ၁၆၂၂ ခုနှစ်မှာ ထုတ်ခဲ့တဲ့ အပတ်စဉ်သတင်း The Weekly News ပဲ ဖြစ်ပြီး၊  ပထမဆုံး အင်္ဂလိပ်သတင်းစာစစ်စစ်ကတော့ ၁၆၆၆ ခုနှစ်မှာ ထုတ်ဝေတဲ့ လန်ဒန်ဂေဇက် သတင်းစာပါ။ အမေရိကန်မှာတော့ ပထမဆုံးသတင်းစာဟာ ၁၆၉၀ ခုနှစ်မှာ ဘော့စ်တွန်မြို့မှာ စတင်ပေါ်ထွက်ခဲ့တာပါ။ အင်္ဂလိပ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရဘဲ ထုတ်ဝေခဲ့လို့ ချက်ချင်းဆိုသလို အနှိပ်ကွပ်ခံရပါတယ်။ ပုံနှိပ်ထုတ်ဝေသူ အဖမ်းခံရပြီး၊ သတင်းစာတွေ အားလုံး ဖျက်ဆီးခံခဲ့ရတယ်။ တကယ်တော့ ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် နေခဲ့ကြတာဖြစ်ပြီး ၁၈၄၅ ခုနှစ်ကျမှ ကျန်နေတဲ့ သတင်းစာ အဟောင်းတစောင်ကို ဗြိတိသျှစာကြည့်တိုက်မှာ တွေ့ခဲ့ရလို့သာ ဒီကိစ္စကို သိခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံး အောင်အောင်မြင်မြင်နဲ့ ထုတ်ဝေနိုင်ခဲ့တဲ့ သတင်းစာက ၁၇၀၄ ခုနှစ်မှာ စာတိုက်မှူးတဦးဖြစ်တဲ့ ဂျွန်ကမ့်ဘဲလ်က စတင်ခဲ့တဲ့ ဘော့စ်တွန်သတင်းစာစောင် (Boston News-Letter) လို့ ဆိုရပါလိမ့်မယ်။ ဒီသတင်းစာကို အင်္ဂလိပ်ကိုလိုနီအစိုးရက အကြီးအကျယ် ငွေကြေးစိုက်ထုတ် ကုန်ကျခံခဲ့ပေမယ့် စောင်ရေနည်းနည်းသာ ရိုက်နှိပ်ရလို့ ရှုံးလုမတတ်ပါပဲ။ နောက်ထပ်ပေါ်လာတဲ့ သတင်းစာနှစ်စောင်ကိုတော့ ၁၇၂၀ ခုနှစ်များ ပတ်ဝန်းကျင်မှာ ဖီလာဒဲလ်ဖီးယားနဲ့ နယူးယော့တို့မှာ ထုတ်ဝေခဲ့ပါတယ်။ အမေရိကန်တော်လှန်ရေးစစ်ပွဲကြီးမဖြစ်ပွားခင် နှစ်ဒါဇင်လောက်ရှိတဲ့ သတင်းစာတွေ အလျှိုအလျှိုထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းစာတွေမှာ တော်လှန်ရေးသမားတွေ ရေးတဲ့  အမေရိကန်ကို အင်္ဂလန်ကနေ လုံးဝလွတ်လပ်ရေးအရယူဖို့ဆိုတဲ့ အမြင်အယူအဆဟာ လူထုအပေါ် များစွာသြဇာသက်ရောက်မှု ဖြစ်စေပါတယ်။ အမေရိကန်လွတ်မြောက်ရေးစစ်ပွဲ ပြီးဆုံးတဲ့ ၁၇၈၃ ခုနှစ်လောက်မှာတော့ သတင်းစာ စုစုပေါင်း ၄၃ စောင် ထုတ်ဝေနေပါပြီ။ ပုံနှိပ်သတင်းစာတွေက နိုင်ငံတော်သစ်ရဲ့ အရေးကိစ္စတွေမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ သတင်းစာတော်တော်များများကလည်း စတင်ခါစ ဖြစ်ပြီး နိုင်ငံရေးအမြင်အယူအဆမျိုးစုံကို ကိုယ်စားပြုရေးသားနေကြပါတယ်။ အဲဒီမှာ ရေးသားပုံတွေက ဂျာနယ်လစ်ဇင်ရဲ့ ခေတ်ဦးကာလစတိုင် စည်းကမ်းကလနားသတ်မှတ်မှုမရှိ ပရမ်းပတာရေးကြတာ များပါတယ်။ အတော်များများက ယခုခေတ်စံချိန်စံနှုန်းနဲ့ ပြောမယ်ဆိုရင် သူတပါးကို ဂုဏ်သိက္ခာထိခိုက်နစ်နာအောင် အတင်းအဖျင်း ရေးကြတာမျိုးတွေပါ။ ဒါတွေအားလုံးက ထွက်ပေါ်လာစ သမ္မတနိုင်ငံတော်သစ်ရဲ့ ကြမ်းတမ်းတဲ့ နိုင်ငံရေးဘဝထဲမှာ ပြိုင်ဘက်အုပ်စုတွေ အချင်းချင်း အာဏာအတွက် တွန်းတွန်းတိုက်တိုက် လုပ်နေကြတာကို ရောင်ပြန်ဟပ်နေခဲ့တာပါ။ ၁၇၉၁ ခုနှစ်မှာ နိုင်ငံသားအခွင့်အရေးဥပဒေကြမ်းကို အတည်ပြုပြီး ပုံနှိပ်မီဒီယာရဲ့ လွတ်လပ်မှုကို နောက်ဆုံးအာမခံချက်ပေးနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အမေရိကန်သတင်းစာများဟာ တမျိုးသားလုံးဆိုင်ရာကိစ္စတွေမှာ အချက်အချာကျတဲ့နေရာကနေ စတင်ပါဝင်ခဲ့ပါတော့တယ်။ အဲဒီကစလို့ ပြည်နယ်တိုင်းလိုလိုမှာ သတင်းစာထုတ်ဝေမှု ထွန်းကားလာတာ ၁၈၁၄ ခုနှစ်လောက်ရောက်တော့ တနိုင်ငံလုံး ထုတ်ဝေနေတဲ့ သတင်းစာပေါင်း ၃၄၆ စောင်ရှိနေပါပြီ။ ဒီမိုကရက်တစ်လူ့ဘောင်မှ သတင်းမီဒီယာများအတွက်လိုအပ်ချက် ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတရပ်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအနေနဲ့ …. အစိုးရရဲ့ ထိန်းချုပ်မှုကင်းလွတ်ဖို့၊ ဆင်ဆာတည်းဖြတ်မှုမရှိဖို့၊ စိတ်ပိုင်း-ရုပ်ပိုင်းဆိုင်ရာ ဖိအားများမရှိဖို့၊  နိုင်ငံရေးအရ မျက်ကန်းဘက်လိုက်ခြင်း ကင်းရှင်းဖို့နဲ့  သတင်းမီဒီယာ ကျင့်ဝတ်များကို လိုက်နာဖို့ လိုအပ်ပါတယ်။ အဲဒီအချက်များထဲက တခုမဟုတ် တခု ရှိနေခဲ့ရင် စတုတ္ထမဏ္ဍိုင်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်မှာမဟုတ်ပါ။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဒီနေ့ကာလမှာ အစိုးရထိန်းချုပ်မှုကင်းတဲ့၊ သတင်းဆင်ဆာ တည်းဖြတ်မှုမရှိတဲ့ အခြေအနေကို နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးအကြိမ် ဖြတ်သန်းနေပါပြီ။ သတင်းလွတ်လပ်ခွင့်ရှိတယ်လို့ ယေဘုယျပြောနိုင်ပေမယ့် ပုဒ်မ ၆၆(ဃ)လို ပြဋ္ဌာန်းချက်မျိုးကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားပေးခံရမှုများတော့ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပုဒ်မရဲ့ အားနည်းချက်ကို ပြောရရင်တော့ အသရေဖျက်မှုမြောက်၊ မမြောက် တရားရုံးရဲ့ အဆုံးအဖြတ်မရခင်မှာပဲ ချုပ်နှောင်ဖမ်းဆီးခြင်းခံရတဲ့ ကိစ္စပါ။ ဒါကြောင့် ပုဒ်မ ၆၆(ဃ) မှာ ပါဝင်တဲ့ အသရေဖျက်မှုဆိုင်ရာ စွပ်စွဲချက်ကို သီးခြားခွဲထုတ်ပြဋ္ဌာန်းသင့်တယ်လို့ မြင်မိပါတယ်။ တဖက်မှာလည်း သတင်းမီဒီယာများအနေနဲ့ မှန်ကန်တိကျတဲ့ အချက်အလက်မရှိဘဲ သူတပါး ဂုဏ်သိက္ခာထိခိုက်နစ်နာစေမယ့် အရေးအသားမျိုးကို သေချာစွာ ဂရုတစိုက် ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် သတင်းရေးသားရာမှာ နိုင်ငံရေးအရ ဘက်လိုက်မှုကင်းဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးအရ ဘက်လိုက်တဲ့ ကျင့်ဝတ်ချိုးဖောက်မှုများဟာ ပြည်သူအပေါ် တာဝန်မကျေပွန်ရာရောက်တဲ့အပြင် ပြည်သူလူထုရဲ့ ဖတ်ရှုအားပေးမှုလည်း တနေ့တခြား နည်းပါးလာနိုင်တယ်လို့ ထင်မြင်မိပါကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။                                                                                                                       ရဲထွန်း (သီပေါ) စာကိုး : A brief history of newspaper by Phil Barber, Cambridge, Mass.     : Wikipedia အွန်လိုင်းစွယ်စုံကျမ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024