ကမ္ဘာ့အချမ်းသာဆုံးသူကြွယ်ကြီး ၈ ဦး၏ ပိုင်ဆိုင်မှု ဆင်းရဲသားဦးရေတဝက် ပိုင်ဆိုင်မှုနှင့် ညီမျှ

ကမ္ဘာ့အချမ်းသာဆုံးသူကြွယ်ကြီး ၈ ဦး။
ကမ္ဘ့ာအချမ်းသာဆုံး သူကြွယ်ကြီး ၈ ဦးရဲ့ ပိုင်ဆိုင်မှုတွေဟာ ကမ္ဘာ့အဆင်းရဲဆုံး ဆင်းရဲသားဦးရေ တဝက်ရဲ့ ပိုင်ဆိုင်သမျှနဲ့ ညီမျှတယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာ အလှူရှင်အဖွဲ့တဖွဲ့က ပြောဆိုပါတယ်။ ဒီအချက်အလက်တွေကို သေချာစိစစ်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဆင်းရဲချမ်းသာ ကွာဟမှုဟာ စိုးရိမ်နေတာထက်တောင် ပိုကွာဟမှု ကြီးတယ်လို့ အလှူရှင်အဖွဲ့ကြီး Oxfam အဖွဲ့က ပြောပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် စတင်ကျင်းပတော့မယ့်အချိန် Oxfam အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ ကမ္ဘာတဝန်း စီးပွားရေးညီမျှမှု မရှိတာ၊ ဂလိုဘယ်လိုက်ဇေရှင်း (Globalization) မှာ လူတိုင်း အကျိုးအမြတ် မရှိတာတွေကြောင့် ပြီးခဲ့တဲ့နှစ်က အီးယူအဖွဲ့ဝင်အဖြစ်က ဗြိတိန်နိုင်ငံ နုတ်ထွက်တာ၊ ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံရတာ စတဲ့ နိုင်ငံရေးကသောင်းကနင်းတွေ ဖြစ်ခဲ့တာလို့ Oxfam အဖွဲ့က ပြောပါတယ်။ အခုလို ချမ်းသာကြွယ်ဝမှု မညီမျှမှုတွေကြောင့် နိုင်ငံရေးပေါက်ကွဲမှု ဖြစ်ပေါ်တယ်ဆိုတာ ခိုင်လုံတယ်လို့ ထင်တယ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းပြည်တွေရဲ့ ချမ်းသာကြွယ်ဝမှု အောင်မြင်မှုတွေဟာ လူအများစုနဲ့ မဆိုင်သလိုဖြစ်လာပြီး အဲ့ဒါတွေ မကျေနပ်ချက်တွေက ပိုပြီး ကြီးမားလာကြတယ်ဆိုတာ သိသာလာတယ်လို့ Oxfam အဖွဲ့ကြီးရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှူး စပင်ဆာ (Spencer) က ပြောပါတယ်။ အခုကျင်းပနေတဲ့ ဒါဗို့စ် ကမ္ဘ့ာစီးပွားရေးဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘ့ာခေါင်းဆောင်တွေအနေနဲ့ ပိုပြီး လူသားဆန်တဲ့ ကမ္ဘ့ာစီးပွားရေးစနစ်တခုကို ထူထောင်ကြဖို့လည်း ကမ္ဘ့ာအလှူရှင်အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up