Home
မြန်မာသတင်း
ဝင်းကမော့ချောင်းတွင် ငါးများသေဆုံးမှု ဓာတ်ခွဲစမ်းသပ်မည်
DVB
·
January 16, 2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံကျေးရွာအတွင်းပိုင်း၊ ဝင်းကမော့ချောင်းအတွင်း အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ငါးများသေဆုံးနေတာနဲ့ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။ "ဝင်းကမော့ချောင်းထဲမှာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စတင်ပြီး ငါးတွေ တဖြည်းဖြည်း သေဆုံးတာများလာတယ်လို့ ဒေသခံတွေက ပြောတဲ့အတွက် ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်သွားပါမယ်"လို့ ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာခင်စုစုဟန်က ပြောပါတယ်။ “ကျမတို့ သိရတာက ဇန်နဝါရီလ ၁၅ ရက်နေ့မှ သိရတယ်။ ချောင်းထဲမှာရှိတဲ့ ငါးမျိုးစိတ်တွေ အားလုံး သေတာမဟုတ်ဘဲ ရေပေါ်တက်နိုင်တဲ့ငါးတွေလောက်ပဲ သေတာပါ။ နုန်းကိုတိုးနိုင်တဲ့ ငါးတွေကျတော့ မသေဘူး။ နောက်သေတဲ့ငါးတွေကို ဘဲတွေစားတော့လည်း ဘဲတွေက ဘာမှမဖြစ်ပါဘူး။ လောလောဆယ်တော့ ချောင်းရေနမူနာယူပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ။ စစ်ဆေးမှုအခြေအနေ သိရင်တော့ ပြည်သူများထံ ပြန်လည်အသိပေးသွားပါမယ်"လို့ ၎င်းက ဆက်လက်ပြောပါတယ်။ “ချောင်းထဲမှာ ငါးတွေအများကြီးသေနေတာက ၁၀ ရက်ကျော်လောက်ရှိပါပြီ။ ကျနော် စတွေ့တော့ လေးငါးကောင်လောက်ပဲ ရှိသေးတယ်။ နောက်တဖြည်းဖြည်း များလာတာပါ။ ကျနော့်အသက် ၄၉ နှစ်ရှိပြီ။ ဒီလိုမျိုးဖြစ်တာ တခါမှ မတွေ့ဖူးဘူး။ ဒါပထမဆုံးပဲ” လို့ ဥတ္တံတားကျေးရွာအတွင်းပိုင်းနေ အရိုးအကြောဆရာ ဆရာထွန်းက ပြောပါတယ်။ ကုလားမတောင်တန်းကြီးကနေ ဥတ္တံတားကျေးရွာ ကျောက်ချောစမ်းမကြီးအတိုင်း စီးဆင်းလာတဲ့ ချောင်းရေဟာ ဝင်းကမော့ချောင်းအတွင်း ဖြတ်သန်းစီးဝင်ပြီး ဘိုင်လောင်းချောင်းသို့ စီးဆင်းကြောင်း၊ အခုချောင်းကို အမှီပြုပြီး ဒေသခံတွေက စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ခြံလုပ်ငန်းတွေ လုပ်ကိုင်စားသောက်ကြပါတယ်။ သတင်း - ဓာတ်ပုံ - ကိုကိုယူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024