မူးယစ်ဆေးဝါးမှောင်ခိုမှု ပိုဆိုးလာလျှင် မာရှယ်လော ထုတ်မည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

ဓာတ်ပုံ - ရိုက်တာ
တိုင်းပြည်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုမှုတွေ ပိုဆိုးလာမယ်ဆိုရင် မာရှယ်လော ထုတ်ပြန်မယ့်အကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေက ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၄ ရက်နေ့က နိုင်ငံတောင်ပိုင်းရှိ ဒါဗာအိုမြို့မှာ ကုန်သွယ်ရေးဌာန ဝန်ထမ်းတွေနဲ့တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ “ဖိလစ်ပိုင်ပြည်သူတွေကို ကျနော် ကာကွယ်ရပါမယ်။ ဒါဟာ ကျနော့်ရဲ့တာဝန်ပါ။ တကယ်လို့ မာရှယ်လောထုတ်ဖို့ လိုအပ်ရင် ကျနော် ထုတ်ပြန်ရပါလိမ့်မယ်။ ဒါက ကျူးကျော်ရေးအကြောင်းမဟုတ်ဘူး၊ ဆန့်ကျင်တဲ့အကြောင်း မဟုတ်ဘူး၊ အန္တရာယ်အကြောင်းလည်း မဟုတ်ဘူး၊ တိုင်းပြည်ကို အလုပ်အကျွေးပြုဖို့အတွက် ဖြစ်ပါတယ်” လို့ သမ္မတ ဒူတာတေက ပြောကြားသွားပါတယ်။ ဒီ့နောက်ဆက်ပြီး “ကျနော့်တိုင်းပြည်ဟာ ကန့်သတ်ချက်တွေကိုတောင် ကျော်ထွက်သွားခဲ့ပါပြီ။ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင် ကျနော်လုပ်ဖို့လိုအပ်မယ်ဆိုရင် မာရှယ်လော ကြေညာရပါလိမ့်မယ်။ ဘယ်သူကမှ ကျနော့်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ သူတို့က ဘာကြောင့် မာရှယ်လောထုတ်တာလဲလို့ ကျနော့်ကို မေးလိမ့်မယ်၊ ဘာ့ကြောင့်လဲဆိုတော့ လူငယ်တွေနဲ့ ဖိလစ်ပိုင်ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်” လို့ သမ္မတ ဒူတာတေက ပြောသွားပါတယ်။ သမ္မတ ဒူတာတေဟာ ပြီးခဲ့တဲ့နှစ်လယ်ပိုင်း သမ္မတအဖြစ် တာဝန်စယူကတည်းက မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။ ဒီနှိမ်နင်းမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လကနေ အခုချိန်ထိ ၆ လကျော်ကာလအတွင်း လူ ၆၀၀၀ ကျော် သေဆုံးခဲု့ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ သုံးစွဲသူ တသန်းကျော် ဖမ်းဆီးခံခဲ့ရကြောင်း မနီလာကပေးပို့တဲ့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up