Live
Home
မြန်မာသတင်း
ရန်ကုန် အမျိုးသားသွေးဌာနမှာ သွေးလိုအပ်နေ
သူသူအောင်
·
January 16, 2017
ရန်ကုန်မြို့ အမျိုးသားသွေးဌာနမှာ သွေးလိုအပ်တာနေတယ်လို့ အမျိုးသားသွေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ အစိုးရဆေးရုံတွေမှာ လူနာတွေ ပိုမိုများပြားလာပြီး ခွဲစိတ်ကုသသူတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေ များပြားလာတဲ့အတွက်  သွေးအလှူရှင်တွေ ပိုမိုလိုအပ်တာလည်း ဖြစ်ပါတယ်။ အမျိုးသားသွေးဌာနကနေ ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၁၁ ရုံကို သွေးဖြန့်ပေးနေရတာဖြစ်ပြီး နေ့စဉ် လူနာဦးရေ များပြားလာတယ်လို့လည်း ပြောပါတယ်။ “ဆရာမတို့ ရန်ကုန်ဆေးရုံကြီးကို အဓိကထားပြီး လုပ်ပေးတယ်။ ပြီးတော့ အဓိကက ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံတွေကို ပို့ပေးရတယ်။ တချို့ဆေးရုံတွေမှာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်သွေးလှူဘဏ်တွေ ရှိကြပေမယ့်လည်း တချို့ရှားပါးတဲ့ သွေးအုပ်စုတွေ၊ ပြီးတော့ သူတို့ဆီမှာ prepare မလုပ်နိုင်တဲ့ သွေး Product တွေပေါ့။ အဲဒါမျိုးတွေဆိုရင် ဆရာမတို့က ဖြန့်ဖြူးပေးရတယ်။ ဒါကြောင့်မို့လို့ သွေးလှူရှင်တွေ အမြဲလိုအပ်နေတယ်။ နောက်လည်း သွေးလှူရှင်တွေလည်း ဆက်ပြီးလိုအပ်နေဦးမှာပါ။ ဒါကြောင့်မို့ ဆရာမအနေနဲ့ အမြဲတမ်း လှူနေကျ သွေးလှူရှင်တွေလည်း ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပြီးတော့ ၄ လ ၁ ကြိမ် ပုံမှန်လှူဒါန်းကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ အမျိုးသားသွေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်ဦးက ပြောပါတယ်။ အမျိုးသားသွေးဌာနကနေ ရန်ကုန်မြို့အတွက် နေ့စဉ် သွေးပုလင်း ၃၀၀ လောက် ဖြန့်ဝေနေရပြီး တလကို သွေးပုလင်းပေါင်း ၈ ထောင်ကနေ ၁ သောင်းအထိ ဖြန့်ဝေနေရတာလည်း ဖြစ်ပါတယ်။ သွေးလှူဒါန်းတာတွေနဲ့ပတ်သက်ပြီး သွေးလှူခဲ့တဲ့ အလှူရှင်တဦးဖြစ်တဲ့ ကိုသန်းဇော်ဦးကလည်း အခုလို ပြောပါတယ်။ “အသက်သည် သွေး၊ သွေးသည် အသက် ဆိုတဲ့စကားအတိုင်း သွေးလှူဒါန်းခြင်းဟာ မွန်မြတ်တဲ့အတွက် လူငယ်တိုင်းရော လူကြီးတိုင်းပါ လှူခွင့်ရရှိတဲ့သူမှန်သမျှ လှူပေးစေချင်ပါတယ်လို့ တိုက်တွန်းချင်ပါတယ်။” ရန်ကုန်မြို့ အမျိုးသားသွေးဌာနကို အများပြည်သူတွေ သွေးလာရောက်လှူဒါန်းသလို ပရဟိတအဖွဲ့အစည်းတွေကလည်း လာရောက်လှူဒါန်းကြပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း ဆန်းဒေးဖောင်ဒေးရှင်းက ၅ ကြိမ်မြောက် သွေး လာရောက်လှူဒါန်းခဲ့ပါတယ်။ အမျိုးသားသွေးဌာနကမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သွေးလိုအပ်ချက်တွေကို နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းကြော်ငြာခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ သွေးအလှူရှင်တွေက နွေရာသီမှာ လာရောက်လှူဒါန်းတာတွေ နည်းပါးပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024