Live
Home
မြန်မာသတင်း
မစ္စယန်ဟီးလီ စစ်တွေထောင်ကိုသွားရောက်ပြီးနောက် ရခိုင်ခရီးစဉ်အဆုံးသတ်
နော်နိုရင်း
·
January 16, 2017
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီကနေ့ စစ်တွေထောင်နဲ့ စစ်တွေမြို့ပေါ် ရပ်ကွက်တချို့ကို သွားရောက်ပြီးနောက် ရခိုင်ပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ကာ ရန်ကုန်ကို ပြန်လာဖို့ရှိပါတယ်။ မစ္စယန်ဟီးလီဟာ ဇန်န၀ါရီ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်မှာ ရောက်ရှိခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်ခြားစောင့် ရဲစခန်းကို သွားရောက်လေ့လာခဲ့ပါတယ်။ မနေ့တုန်းကတော့ မစ္စယန်ဟီးလီဟာ မောင်တောမြို့နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ငါးခူရ၊ အငူမော်၊ ကျီးကန်းပြင်၊ ကြက်ရိုးပြင် အစရှိတဲ့ ကျေးရွာတွေ သွားရောက်လေ့လာ ခဲ့ပြီး ဒေသခံတွေနဲ့တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။ “မောင်တောသွားတော့ အရင်ဆုံးတော့ ရွှေဗဟိုပေါ့၊ အိုင်ဒီပီစခန်းတခုသွားပါတယ်။ နောက်လမ်းမှာ ငါးခူရ အထိလမ်းမှာ တချို့ရွာတွေဝင်ပါတယ်။ အဲဒီမှာရှိတဲ့ ဟိန္ဒူရွာရော၊ ဗုဒ္ဓဘာသာ ရွာရော၊ မွတ်စလင်ရွာရောဝင်ကြည့်ခဲ့ပါတယ်။” ဒါ့အပြင် နယ်ခြားစောင့်ရဲဌာနချုပ်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ သူရဲ့မောင်တော ခရီးစဉ် အတွင်း ကျေးရွာက ဒေသခံတွေကို တွေ့ဆုံချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ၀န်ထမ်းတွေ ကိုတော့ လိုက်ပါခွင့်မပေးခဲ့ဘူးပါဘူး။ ကုလသမဂ္ဂအရာရှိ ဦးအေးဝင်းကတော့ ဒါဟာ သူရဲ့ လုပ်ငန်းသဘောအရ လုပ်ဆောင်တာ ဖြစ်တယ်လို့ပြောပါတယ်။ “ဒါက သူရဲ့လုပ်ငန်းသဘောပါပဲ၊ သူ့လုပ်ငန်းသဘောကတော့ လာတွေ့တဲ့သူရဲ့ လွတ်လွတ်လပ်လပ် ပြောလို့ရအောင်ပေါ့နော်။ ဒါအရင်တုန်းကလည်း ဒီလိုပဲလုပ်ပါတယ်။ အရင်တုန်းကလည်း ဘယ်သူနဲ့ပဲ တွေ့တွေ့ သူစကားပြောတဲ့သူနဲ့ သီးသန့်တွေ့တာရှိပါတယ်ခင်ဗျာ။ ” သူရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ကိုတော့ သူသွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ်သွားခွင့်ရခဲ့တယ်လို့ လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာတော့ နေပြည်တော်ကိုသွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မစ္စယန်ဟီးလီဟာ ဇန်န၀ါရီ ၉ ရက်ကစပြီး မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀ ရက်နေ့အထိ ၁၂ရက်ကြာမြင့်မှာဖြစ်ပါတယ်။ မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ဒီခရီးစဉ်မှာ လေ့လာ စုံစမ်းတွေ့ရှိချက်တွေကို လာမယ့် မတ်လ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွားဖို့ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024