ပေါက်ကွဲမှုဖြစ်ပြီးနောက် ပထမဆုံးလွှတ်တင်သည့် Space X ၏ ဒုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ဒုံးပျံလွှတ်တင်ခါနီး ပေါက်ကွဲမီးလောင်ခဲ့အပြီး အမေရိကန်ဂြိုလ်တုလွှတ်တင်ရေးကုမ္ပဏီ SpaceX ရဲ့ ပထမဆုံးဒုံးပျံကို ဇန်နဝါရီ ၁၄ ရက်နေ့က အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ SpaceX ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ ပုဂ္ဂလိက ဒုံးပျံလွှတ်တင်ရေး ကုမ္ပဏီကြီးဖြစ်ပြီး အခုလွှတ်တင်လိုက်တဲ့ Falcon 9 ဒုံးပျံကို ကယ်လီဖိုးနီးယားပြည်နယ်၊ လေတပ်အခြေစိုက် စခန်းတခုကနေ လွှတ်တင်ခဲ့တာပါ။ အီရီဒီယမ် (Iridium) ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီရဲ့ ဂြိုဟ်တု ၁၀ လုံး သယ်ဆောင်သွားခဲ့ပြီး ၁ နာရီနဲ့ ၁၅ မိနစ်အကြာမှာတော့ ဂြိုဟ်တုတွေအားလုံးကို ကမ္ဘာပတ်လမ်းထဲ ပို့ဆောင်နိုင်ခဲ့ပါတယ်။ လွှတ်တင်ပြီး ၂ မိနစ်ကျော်အကြာမှာ ဒုံးပျံရဲ့ ပထမအဆင့်ကို ဖြုတ်ချလိုက်ပြီး ပစိဖိတ်သမုဒ္ဒရာထဲက ဒုံးပျံဆင်းသက်ရေးစင်တခုပေါ်ကို အောင်အောင်မြင်မြင် ပြန်လည် ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် ဒုံးပျံတွေကို နောက်ပိုင်း ဂြိုဟ်တုလွှတ်တင်ရေး အစီအစဉ်တွေမှာ အကြိမ်ကြိမ် ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အခုလို အောင်မြင်သွားပြီဖြစ်လို့ ဂြိုဟ်တုလွှတ်တင်ရေး တန်းစီစောင့်ဆိုင်းနေတဲ့ အမေရိကန် အာကာသအေဂျင်စီ (နာဆာ)၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ တခြား အရပ်ဘက် စီးပွားရေးကုမ္ပဏီတွေရဲ့ ဂြိုဟ်တုတွေကို SpaceX ကုမ္ပဏီက ဆက်လက်လွှတ်တင်သွားတော့မှာ ဖြစ်ပါတယ်။ အခု အီရီဒီယမ် ဂြိုဟ်တုဆက်သွယ်ရေးကုမ္ပဏီရဲ့ ဂြိုဟ်တုတွေကိုလည်း လာမယ့် ၁၈ လအတွင်း ၆ ကြိမ် လွှတ်တင်သွားဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up