Home
မြန်မာသတင်း
ရန်ကုန် ဘတ်စ်ကားစနစ်သစ်တွင် ကားခ တရားဝင် ကြေညာခြင်း မရှိသေး
DVB
·
January 15, 2017
ရန်ကုန်မှာ မနက်ဖြန်စတင်မယ့် ဘတ်စ်ကားလိုင်းစနစ်သစ်မှာ ကားခ ဘယ်ရွေ့ဘယ်မျှဆိုတာကို ခုချိန်ထိ သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိလို့ ဒီအချက်ဟာ ပြဿနာတခုဖြစ်လာနိုင်တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ စမ်းချောင်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ကားခ ဘယ်လောက်ဆိုတာကို ညှိနှိုင်းဆဲဖြစ်ပြီး ပုံသေ ၃၀၀ ကျပ် သတ်မှတ်ရင်တော့ များတယ်လို့ ပြောပါတယ်။ “ကျနော် ခုန သတင်းထဲတွေ့တာတော့ ညှိနှိုင်းဆဲပဲ ရှိသေးတယ်။ ပုံသေ ၃၀၀ ဆိုရင်တော့ များသွားမယ်။ ဥပမာ မြို့တွင်းပတ်လမ်းကရော ဘယ်လောက်ယူမလဲ၊ ၂၀၀ ဆိုရင် စမ်းချောင်းကနေ မြို့ထဲ သွားတဲ့သူက ၅၀၀ ဖြစ်သွားမယ်။ အခုက ဘီအာတီစီးပြီးသွားရင် ၃၀၀၊ ပုံမှန်ကားက ၂၀၀။” ဇန်န၀ါရီ ၁၆ ရက်မှာ စတင်ပြေးဆွဲမယ့် စနစ်သစ်ဘတ်စ်ကားလိုင်း စီးနင်းကြမယ့် ခရီးသည်တွေကိုကူညီဖို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ မြို့နယ်စေတနာ့ဝန်ထမ်း ကြီးကြပ်ရေးအဖွဲ့တွေ ဖွဲ့စည်း လုပ်ဆောင်နေပါတယ်။ အင်းစိန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူတို့မြို့နယ်မှာ ကားဂိတ်ပေါင်း ၁၁၀ ကျော် ရှိပြီး တဂိတ်မှာ စေတနာ့ဝန်ထမ်း ၂ ဦးကျစီထားပြီး စုစုပေါင်း လူ ၂၄၀ ကျော်နဲ့ ကူညီဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ကားခနဲ့ ပတ်သက်လို့လည်း မနက်ဖြန်ရင်ဆိုင်ရမယ့် ပြဿ  နာတရပ်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ “မူလ ပထမ ထွက်ထားတာက ၁၀၀၊ ၂၀၀၊ ၃၀၀ လို့ ထွက်ထားတယ်ဗျ။ ဟိုးတုန်းက ရှိသလိုပေါ့ဗျာ။ အင်းစိန်နဲ့ လှည်းတန်းကို ၁၀၀၊ လှည်းတန်းကနေ မြေနီကုန်းဆို ၁၀၀၊ အဲ့လိုမျိုးပေါ့။ ကားခက ပြဿ   နာ တက်လာနိုင်ဖို့ ရှိတယ်။ ကျနော်တို့လည်း ဒီနေ့တော့ သေချာမေးမယ်။ ဘာလို့ဆို မနက်ဖြန်ကျရင် ကျနော်တို့ စေတနာ့ဝန်ထမ်းတွေ ဒီကိစ္စကို ရှင်းရလိမ့်မယ်။” ကားခနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။ ရန်ကုန်မှာ ယာဉ်လိုင်း ၆၁ လိုင်း၊ ယာဉ်စီးရေ ၄၀၀၀ ကျော်နဲ့ စတင်ပြေးဆွဲမယ့် ဘတ်စ်ကားလိုင်းစနစ်သစ်မှာ ကူညီကြမယ့် စေတနာ့ဝန်ထမ်း ထောင်ချီရှိနေပါတယ်။ ဒါ့အပြင် ဘတ်စ်ကားစုပေါင်းပြေးဆွဲတဲ့စနစ်မှာ ပါဝင်ပြေးဆွဲဖို့ တဦးချင်း စာရင်းပေးသွင်းထားတဲ့ ယာဉ်ပိုင်ရှင်တွေဟာလည်း ဒီနေ့ မွန်းလွဲပိုင်းအထိ ပြေးဆွဲရမယ့်လမ်းကြောင်း မသိရသေးဘဲ ဖြစ်နေပါတယ်။ ၁၀၇ ယာဉ်လိုင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးကျော်က “၁၀ ရက်နေ့တည်းက စာရင်းသွင်းထားတယ်။ ၁၃၊ ၁၄၊ ၁၅ ရက်နေ့တွေမှာ ပြေးဆွဲရမယ့် လမ်းကြောင်းတွေ သိရမယ်လို့ ပြောတယ်။ အခု ၁၂ နာရီ ကျော်ပြီ။ ဘယ်သူမှ အကြောင်းမကြားဘူး။ ဘာမှမသိရသေးဘူး။ ဒီည ၁၂ နာရီဆို ကျနော်တို့ ကားတွေက ရပ်ရပြီ။ မနက်ဖြန် ဆွဲဖို့ကို ခုထိ စတစ်ကာ မကပ်ရသေးဘူး” လို့ ဒီဗွီဘီ ကို ပြောပါတယ်။ တဦးချင်းယာဉ်ပိုင်ရှင်တွေကို မိမိပြေးဆွဲလိုတဲ့ လမ်းကြောင်းကို စာရင်းသွင်းဖို့ ကြေညာထားခဲ့တာလည်း ဖြစ်ပါတယ်။ ယာဉ်ပိုင်ရှင်တဦးဖြစ်တဲ့ ဦးသိန်းအေးက “လမ်းကြောင်း မသိရလို့ စတစ်ကာအချိန်မီ မကပ်နိုင်လို့ မနက်ဖြန် မပြေးရင်လည်း ကျနော်တို့မှာ CNG အပိတ်ခံရမယ်။ အချိန်စောပြီး လမ်းကြောင်းတွေ ချပေးသင့်ပါတယ်” လို့ ဆိုပါတယ်။ အများပိုင်ကုမ္ပဏီတွေမှာ မဝင်ရသေးတဲ့ ယာဉ်ပိုင်ရှင်တွေကို စုပေါင်းပြေးဆွဲတဲ့စနစ်မှာ ပါဝင်ပြေးဆွဲနိုင်ဖို့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး ရန်ကုန်တိုင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများ စီမံခန့်ခွဲရေးဌာနမှာ စာရင်းသွင်းဖို့ ကြေညာထားတာပါ။ သတင်း - ရွှေအောင်/အာကာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024