ရေးမြို့ ပညာရေးအတွက် ကျပ်သန်း ၄၀၀ ကျော် သုံးစွဲမည်
DVB
·
January 15, 2017
၂၀၁၆-၂၀၁၇ ခုနှစ်ပညာရေးဘဏ္ဍာရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၅ ဒသမ ၃ သန်းကို ရေးမြို့နယ်ရှိ အခြေခံပညာ ကျောင်း ၈ ကျောင်းမှာ ကျောင်းဆောင်သစ်တွေ ဆောက်လုပ်သွားမယ်လို့ မြို့နယ်ပညာရေးမှူးရုံးက ပြောပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်/လယ်/ မူ ကျောင်း ၈ ကျောင်းမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပညာရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၅ ဒသမ ၃ သန်းနဲ့ ကျောင်းဆောင်သစ်တွေကို ဆောက်လုပ်သုံးစွဲမယ်လို့ ဆိုပါတယ်။
အဆိုပါ ကျောင်းတွေထဲမှာ အန္တရာယ်ရှိသောကျောင်း သိပ္ပံဆောင်၊ မူကြိုကျောင်း ဆောင်တွေပါရှိပြီး အဆောက်အဦ အမျိုးစားတွေက RC ကွန်ကရစ် ၁ ထပ်မှ ၂ ထပ် နဲ့ Steel Structure တွေလည်းပါရှိပြီး ပြည်တွင်းကုမ္ပဏီ ၈ ခုက သတ်မှတ်ချိန်ကာလအတွင်း တာဝန်ယူပြီး တည်ဆောက်ပေးသွားမယ်လို့ မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက ပြောပါတယ်။
“မြို့နယ်မှာရှိနေတဲ့ ကျောင်းတွေထဲမှ အန္တရာယ်ရှိပြီး အဆောက်အဦသစ် တည်ဆောက်ခြင်းနဲ့ အမှန်တကယ်ပြင်ဆင်ရန် လိုအပ်နေတဲ့ ကျောင်းတွေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျောင်းတွေကို ဆောက်လုပ်ပြင်ဆင်ထိန်းသိမ်းနိုင်ဖို့အတွက် ဦးစားပေးခြင်းဖြစ်တယ်။”
ပထမအကြိမ် အသေးစားပြင်ဆင်ထိန်းသိမ်းရာမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းကျပ်သိန်းပေါင်း ၇၁၁ သိန်းကျော်လောက်ကို အခြေခံပညာကျောင်းတွေမှာ ရေ၊ ဆိုလာမီး၊ သန့်စင်ခန်း၊ ခြံစည်းရိုး၊ ကျောင်းတွင်းလမ်းတွေမှာ ဆက်လက် သုံးစွဲမည်မှာဖြစ်ပြီး ဒုတိယအကြိမ် ငွေကျပ် ၃၅၆ သိန်း ကျော်ကို လိုအပ်နေတဲ့ စာသင်ကျောင်းတွေအတွက် ဆက်လက်သုံးစွဲသွားဖို့ လျာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နေမျိုးထွဋ်