အသက်ကယ်လေအိတ်ပြဿ နာကြောင့် ဂျပန်ကုမ္ပဏီ ကန်ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးပေးရ

ဂျပန်နိုင်ငံရဲ့ ကားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ တာကာတာ (Takata) ကုမ္ပဏီဟာ အသက်ကယ်လေအိတ်ပြဿနာတွေကြောင့် လူထိခိုက်သေဆုံးမှုတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလျော်ကြေးပေးဖို့ သဘောတူတယ်လို့ အမေရိကန်တရားရေးဌာနက ဇန်န၀ါရီ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက်ကယ်လေအိတ်တွေမှာ ပြဿနာရှိနေတာကို သိလျက်နဲ့ မ၀န်ခံ၊ မပြုပြင်ပေးဘဲ ဖုံးကွယ်ပြီး ဆက်သုံးစွဲခဲ့လို့ဆိုပြီး အမေရိကန်တရားရေးဌာနက စုံစမ်းစစ်ဆေးခဲ့တာပါ။ အဲ့ဒီပြစ်မှုအတွက် ကုမ္ပဏီက တရားဝင်ဝန်ခံခဲ့တယ်လို့လည်း အမေရိကန်အာဏာပိုင်တွေက ပြောဆိုပါတယ်။ လျော်ကြေး အမေရိကန်ဒေါ်လာ ၁ ဘီလီယံမှာ အစိုးရကို ဒဏ်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၅ သန်း၊  ယာဉ်တိုက်မှုတွေမှာ ထိခိုက်ဒဏ်ရာရခဲ့သူတွေအတွက် နစ်နာကြေး ဒေါ်လာ ၂၅ သန်းနဲ့ လေအိတ်တွေကို သုံးစွဲခဲ့တဲ့ ကားထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် နစ်နာကြေး ဒေါ်လာသန်း ၈၅၀ ဆိုပြီး ခွဲဝေပေးမှာဖြစ်ပါတယ်။ ကမ္ဘာတ၀န်းယာဉ်တိုက်မှုတွေမှာ ဒီလေအိတ်ပြဿနာတွေကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ရာနဲ့ချီပြီးတော့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာပါ။ ဒီ အသက်ကယ်လေအိတ်တွေကို မှာယူတပ်ဆင်ခဲ့တဲ့ ကားကုမ္ပဏီကြီးတွေလည်း ထိခိုက်ခဲ့ကြပြီး ကမ္ဘာတ၀န်း ကားအစီး သန်း ၁၀၀ လောက် ပြန်ခေါ်ယူခဲ့ကြရပြီး ပြုပြင်လဲလှယ်ပေးခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up