လက်ပံတန်းတွင် ရေခဲစက် ဂက်စ်ပိုက်ပေါက်ကွဲ၍ လူ ၁ ဦး သေဆုံး
DVB
·
January 15, 2017
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မအူကုန်ရပ်ကွက် ကန်ကြီးလမ်းမှာရှိတဲ့ ဦးဇော်မင်းနိုင် ရေခဲစက်မှာအသုံးပြုတဲ့ ဂက်စ်ပိုက် ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက ပေါက်ကွဲမှုကြောင့် စက်ပြင်ဆရာ ဦးဝင်းထိန် သေဆုံးခဲ့ရပါတယ်။
စက်ပြင်ဆရာသေဆုံးရတာနဲ့ ပတ်သတ်ပြီး လက်ပံတန်းမြို့မရဲစခန်းက သွားရောက်စစ်ဆေးရာ စက်ပြင်လုပ်သား ကိုအောင်ကိုဦးမှ မော်တာဖွင့်ပြီး အချင်း ၃ လက်မအကျယ်ရှိတဲ့ ပိုက်အတွင်းကို လေပို့လွှတ်ရာမှ လေဖိအားများသွားကာ လေဘာကွဲပြီး အချင်း ၆ လက်မရှိတဲ့ သံဘားကွင်းပြတ်ထွက်ကာ စက်ပြင်ဆရာရဲ့ ဘယ်ဘက်နားထင်ကို ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတာလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး စက်ပြင်လုပ်သား ကိုအောင်ကိုဦးကို လက်ပံတန်းမြို့မရဲစခန်းက (ပ)၄၆/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
သတင်းဓာတ်ပုံ - ၀ဏ္ဏထွန်း