အိုင်ဗရီကိုစ့်အစိုးရနှင့် တပ်တွင်းပုန်ကန်သူများ ဆွေးနွေးမှု အောင်မြင်

နိုင်ငံတ၀န်းမှာ သေနတ်ပစ်ဖောက်မှုတွေ ဖြစ်ခဲ့တဲ့ တပ်တွင်းပုန်ကန်မှုဖြစ်ခဲ့ပြီးနောက် ဘွတ်ခီမြို့မှာ ပြုလုပ်ခဲ့တဲ့ အိုင်ဗရီကို့စ်အစိုးရနဲ့ တပ်တွင်းပုန်ကန်သူတွေရဲ့ ဆွေးနွေးမှုက သဘောတူညီမှု ရခဲ့တယ်လို့  အေအက်ဖ်ပီ သတင်းမှာ  ဖော်ပြထားပါတယ်။ အခုလအစောပိုင်းမှာ ဒုတိယအကြီးဆုံးမြို့တော် ဘွတ်ခီမြို့က စစ်သားတွေဟာ ဆုကြေးငွေတွေ၊ လစာနဲ့ အိမ်ကောင်းကောင်းတွေ ရရှိရေးအတွက် တောင်းဆိုရင်း ဒုံးကျည်တွေပစ်ဖေါက်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့တာကြောင့် ဒေသခံလူထုကို အထိတ်တလန့်ဖြစ်စေခဲ့တာပါ။ ဆန္ဒပြမှုက ကမ္ဘာ့ထိပ်တန်း ကိုကိုးထုတ်လုပ်တဲ့မြို့ဖြစ်တဲ့ စီးပွားရေးမြို့တော်အဘစ်ဂျန် အပါအဝင် မြို့တော်တော်များများကိုပါ ပျံ့နှံ့ခဲ့တာပါ။ ဒီဆန္ဒပြမှုကြောင့် အိုဗရီကို့စ်သမ္မတက ရဲဌာနအထွေထွေဒါရိုက်တာနဲ့ တပ်ရဲ့ဝန်ထမ်းအချုပ်ကြီးအပါအဝင် ထိပ်ပိုင်းလုံခြုံရေးအရာရာရှိတွေကို ပြောင်းလဲဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အိုင်ဗရီကို့စ် ကာကွယ်ရေးဝန်ကြီး အလိန်း ရစ်ချတ် ဒွန်ဝါဟီဟာ တပ်တွင်းပုန်ကန်မှု ဖြစ်ပွားရာ ဘွက်ခီမြို့ကို ဇန်န၀ါရီ ၁၃ ရက်နေ့က သွားရောက်ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရခဲ့တာလို့ သမ္မတနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက အေအက်ဖ်ပီသတင်းဌာနကို ဇန်နဝါရီလ ၁၃ ရက်နေ့ နှောင်းပိုင်းမှာ ပြောလိုက်တာပါ။ သူပုန်စစ်သားတော်တော်များများကလည်း သဘောတူညီမှု တစ်ခုရတာကို အတည်ပြုတဲ့အနေနဲ့ “ကျနော်တို့ ကျေနပ်ပါတယ်၊ သဘောတူညီမှုလည်း ရပါတယ်”လို့ သူပုန်စစ်သားတွေထဲမှ တစ်ဦးက အေအက်ဖ်ပီကို ပြောခဲ့တာပါ။ “တပ်တွေက စစ်တန်းလျားကို ပြန်ဖို့ သဘောတူတယ်။ အဲ့ဒီအတွက် ဘွတ်ခီမြို့မှာ သေနတ်သံတွေ ရပ်တန့်ရမယ်” လို့ ဒေသခံ အာဏာပိုင်တဦးက ပြောပါတယ်။ ဆန္ဒပြသူတွေ တောင်းဆိုထားတဲ့ ဆုကြေး ယူရို ၇၅၀၀ (အမေရိကန်ဒေါ်လာ ၈၀၀၀) ကို ရရှိကြမယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ အပတ်က အစောပိုင်းသဘောတူညီမှုတွေရခဲ့ပေမယ့် အစိုးရဘက်က အကောင်ထည်မဖော်ခဲ့တာကြောင့် တင်းမာမှုဖြစ်ကာ သူပုန်တွေကို လမ်းပေါ်ထွက် မိုးပေါ်ထောင်ပြီး သေနတ်ပစ်ခတ်မှုတွေ ဖြစ်စေခဲ့တာပါ။ ပထမပိုင်း စစ်သားတွေက တစ်ဦးချင်းစီကို ယူရိုငွေ ၁၅,၀၀၀ အထိ တိုးမြင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ အိုင်ဗရီကို့စ်နိုင်ငံသား တော်တော်များများဟာ တစ်လကို ယူရို ၁၅၀ လောက်ပဲ ဝင်ကြတယ်လို့လည်း သိရပါတယ်။ လက်ရှိ သဘောတူညီထားတဲ့ ယူရို ၇၅၀၀ ပေးဖို့ ကတိကဝတ်အတွက် အစိုးရအနေနဲ့ ဘယ်လိုစီမံမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်အစိုးရဟာ ပြဿနာများစွာနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံသားအလုပ်သမားတွေကို ပင်စင်သက်တမ်း တိုးမယ့် အစီအစဉ်နဲ့ ပင်စင်ငွေဖြတ်တောက်မှု အစီအစဉ်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတခုလည်း အခုအပတ်အတွင်း ပြုလုပ်ခဲ့ကြပါသေးတယ်။ အစိုးရအနေနဲ့ ဆန္ဒပြသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ ငွေကြေးထောက်ပံ့ပေးဖို့လည်း သဘောတူခဲ့ပါတယ်။ နှစ်ပေါင်းများစွာက ဖြစ်ခဲ့တဲ့ ပဋိပက္ခပြီးနောက် တပ်ထဲကို ဝင်ရောက်ပူးပေါင်းခဲ့တဲ့ သူပုန်ဟောင်းများစွာ အပါအဝင် အိုင်ဗရီကို့စ်စစ်တပ်မှာ စစ်သား ၂၂,၀၀၀ ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up