Home
မြန်မာသတင်း
လီဒိုလမ်းမပေါ်ဆန်နှင့်ဆီတင်ကားများပိတ်ပင်မှု ဖယ်ရှားပေးရန် ကာချုပ်ထံတောင်းဆို
နော်နိုရင်း
·
January 13, 2017
ကချင်ပြည်နယ် မြစ်ကြီးနား-နမ္မတီ-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်းမှာ သွားလာနေတဲ့ ဆန်နဲ့စက်သုံးဆီကားတွေကို အစိုးရတပ်က ပိတ်ပင်တားဆီးတဲ့အတွက် အမြန်ဖယ်ရှားပေးဖို့ တနိုင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကာကွယ်ရေးဦးစီးချုပ်ထံ စာရေးတောင်းဆိုလိုက်ပါတယ်။ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းက အဆိုပါလမ်းမှာ သွားလာနေတဲ့ ဆန်နဲ့ စက်သုံးဆီတွေကို ပိတ်ပင်ထားခဲ့တာဖြစ်ပြီး အချိန် ၂လောက်  ကြာလာ တာနဲ့အမျှ တနိုင်း၊ နန်းယွန်းနဲ့ ပန်ဆောင်မြို့တွေမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။ တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ နိုဝင်ဘာလလောက်ကတည်းက မြစ်ကြီးနား-နမ္မတီး၊ နန်းယွန်း၊ ပန်ဆောင်လမ်း ကျနော်တို့ ဒေသအခေါ် လီဒိုလမ်းမကြီးပေါ်မှာ ဒွန်ဘန်ဆိုတဲ့ကျေးရွာမှာရှိတဲ့ တပ်မတော်တပ်ရင်းကနေပြီးတော့မှ စပြီးပိတ်တာ။ ဆန်နဲ့ စက်သုံးဆီအမျိုးမျိုး ပိတ်တယ်။ တပ်မတော်ကနေ ပိတ်တယ်။ ကျနော်တို့ မေးတာအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ ရှိလားဆိုတော့ မရှိဘူး။ အဲဒီအချိန်ကျတော့ ဆန်တွေက တော်တော်လေးကို ပြတ်လပ်သွားတယ်။ နယ်ဘက်ကတော်တော်လေးပြောလာတယ်။ တချို့ဆိုရင် စားစရာမရှိလို့ တော်တော်လေး ဆန်ရှားတာပေါ့နော်။ စက်သုံးဆီကလည်း အရင်က ၂၅၀၀-၃၀၀၀၀န်ကျင်လောက်နေ အခု ၇၀၀၀ကျော် ၈၀၀၀ ရှိသွားတယ်။  ဒီဇယ်တွေလည်းအလားတူ ဈေးတွေ မြင့်ကုန်တယ်ပေါ့။ အဲဒီအကျိုးဆက်က တခြားကုန်ပစ္စည်းတွေပါမြင့်ကုန်တယ်။  အဲဒီအချိန်ကတော့ စတုတ္ထပုံမှန်အစည်းအဝေးမစခင် ကျနော်လည်း ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို၊ တပ်မတော်ပိုင်းဆိုင်ရာ အကုန်လုံးကို မေတ္တာရပ်ခံတဲ့အနေအထား စာတစောင်ကို ရေးထားတာပါပဲ”လို့ ပြောပါတယ်။ ဆန်နဲ့လောင်စာဆီတင်ယာဉ်တွေသွားလာတာကို  ဘာကြောင့်ပိတ်ရလဲဆိုတာ အတိအကျမသိရသေးသလို  စစ်တပ်ဘက်က ထုတ်ပြန်ထားတာမရှိပါဘူး။ ခုလိုကုန်စည်သွားလာမှု ပိတ်ပင်တဲ့အတွက် ဒေသခံပြည်သူတွေ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ တနိုင်းမြို့ခံ ဦးအောင်လတ်က ပြောပါတယ်။ “အခု ဒွန်ဘန်ကျေးရွာ တပ်ရင်း ၂၉၈ မှာ ၄ လလောက်ရှိသွားပြီ။ ဆီရယ်၊ ဆန်ရယ် အောက်ပိုင်းက တက်မလာတဲ့အတွက်ကြောင့်မို့ အခု တနိုင်းဒေသဘက်မှာ ဆန်၊ ဆီ၊ ဆား အားလုံး ၃ ဆလောက် ဈေးတက်နေတာကို လက်တွေ့ကြုံတွေ့ရတယ်။ သူတို့က စစ်ဖက်ရေးရာအတွက် ရည်ရွယ်ပြီးမှ လုပ်တယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါပေမယ့် သူတို့ရဲ့ စစ်ဘက်ရေးရာမှာ ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိ သလဲဆိုတာ သုံးသပ်ကြည့်တဲ့အခါမှာ သူတို့မှာက ဒီလောက် အကျိုးသက်ရောက်မှု ရှိမယ်လို့တော့ မယူဆဘူး။ ဒါပေမယ့် လက်တွေ့အဲဒီ တားဆီးမှုကြောင့်မို့ ကျနော်တို့ဒေသခံ တောင်သူတွေက အစစအရာရာ ဈေးတက်နေတာ လက်တွေ့ကြုံတွေ့နေရပါတယ်။ ” စက်သုံးဆီနဲ့ ဆန်တွေပိတ်ပင်ထားတဲ့အတွက် တနိုင်းမြို့မှာ အရင်က ဆန်တပြည် ကျပ် ၁၀၀၀ အောက်ရှိရာ ကနေ အခု ၂၀၀၀ လောက် ဈေးတက်နေတယ်လို့ ပြောပါတယ်။ အလားတူ စက်သုံးဓာတ်ဆီ တဂါလန် ကျပ် ၂၈၀၀ ကနေ အခု ၈၀၀၀ လောက် ပေးဝယ်နေကြရတယ်လို့လည်း ဦးအောင်လတ်က ပြောပါတယ်။ အလားတူ စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့နယ်တွေက ဒေသခံတွေ အနေနဲ့လည်း ကချင်ပြည်နယ်ကလမ်းကိုပဲ အမှီပြုပြီး ကုန်စည်သွားလာဝယ်ယူရတဲ့ အတွက် အခုလို ပိတ်ပင်လိုက်တာကြောင့် ဆီနဲ့ဆန် ဈေးကြီးမြင့်မှု ကြုံတွေ့နေရတယ်လို့ နန်းယွန်း အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောပါတယ်။ အရင်က နန်းယွန်းမြို့နယ်မှာ  ဓာတ်ဆီတဂါလန် ကျပ် ၅၀၀၀၊ ဒီဇယ် ၄၀၀၀ လောက်ပေးဝယ်ရာကနေ အခု ဓာတ်ဆီတဂါလန်ကို ၉၀၀၀ ပေးဝယ်နေရပြီ၊  ဒီဇယ်တဂါလန်ကို ၇၀၀၀ ပေးဝယ်နေရာတယ်လို့ ဦးစိမ်းမောင်က ပြောပါတယ်။ ဒါ့အပြင် အရင်က ဆန်တအိတ်ကို ကျပ်၃ သောင်းကနေ အခု ၄ သောင်းခွဲလောက်အထိ ပေးဝယ်နေရပြီး ၀ယ်လိုတိုင်း ၀ယ်လို့မရတဲ့ အနေအထားဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ ပန်ဆောင်မှာလည်း ဓာတ်ဆီ တဂါလန် ကျပ်၁၂၀၀၀ အထိ ပေးဝယ်နေကြရတယ်လို့ ပြောပါတယ်။ တနှိုင်းနဲ့ နန်းယွန်းမြို့နယ် ကြုံတွေ့နေရတဲ့ ကုန်ပစ္စည်းဈေးမြင့်တက်မှုနဲပတ်သက်လို့ ဆန်နဲ့ ဆီကားတွေ ပိတ်ပင်မှုကို အမြန်ဆုံးဖယ်ရှားပေးဖို့ တနိုင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုထားပါတယ်။ ဒီလို ဆန်နဲ့ဆီ ဈေးတက်မှုကြောင့်လည်း ပြည်ထောင်စုအစိုးရရဲ့ ရန်ပုံငွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ ဘတ်ဂျက်လုပ်ငန်းတွေမှာလည်း အခက်အခဲများစွာနဲ့ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နေရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ် တနိုင်းမြို့နယ်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ တပ်မဟာ ၂ တပ်ရင်း ၁၄ ထိန်းချုပ်ဒေသဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024