ရန်ကုန်ဆေးရုံကြီးတွင် မွေးဖွားသည့် ကလေးငယ် ၁၅ ရာခိုင်နှုန်း ကိုယ်အလေးချိန် မပြည့်
DVB
·
January 13, 2017
ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တက်ရောက်မွေးဖွားတဲ့ ကလေးငယ် ၁၅ ရာခိုင်နှုန်းခန့်ဟာ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးငယ်တွေ မွေးဖွားတယ်လို့ မွေးကင်းစကလေး အထူးကုဋ္ဌာနပါမောက္ခ ဒေါက်တာနမ့်စန်းစန်းအေးက မြန်မာနိုင်ငံဆေးသုတေသနဌာနရဲ့ ၄၅ နှစ်မြောက်နှစ်ပတ်လည်ညီလာခံမှာ ပြောပါတယ်။
ကမ္ဘာပေါ်မှာ မွေးကင်းစ ကလေးငယ် ၄၃ ရာခိုင်နှုန်းကနေ ၇၃ ရာခိုင်နှုန်းဟာ အဟာရချို့တဲ့ကလေးငယ်တွေ ဖြစ်နေပါတယ်။ မွေးကင်းစကလေးငယ်တွေဟာ ၅ ပေါင်နဲ့ ၈ အောင်စအောက် ကျဆင်းရင် ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးငယ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ကိုယ်အလေးချိန်ပြည့်မီတဲ့ ကလေးငယ်တွေကို မိခင်နို့တမျိုးတည်းသာ တိုက်ကျွေးဖို့လိုပြီး ကိုယ်အလေးချိန်မပြည့်မီတဲ့ ကလေးငယ်တွေကိုတော့ ဖြည့်စွက်အစာအာဟာရ တိုက်ကျွေးဖို့ လိုတယ်လို့ ပါမောက္ခ ဒေါက်တာ နမ့်စန်းစန်းအေးက ပြောပါတယ်။
“လမစေ့ရင်လည်း ကိုယ်အလေးချိန် နည်းတယ်ပေါ့နော်။ ဆရာမတို့မှာ ကြည့်လိုက်တဲ့အခါကျတော့ မွေးတဲ့အကုန်လုံးရဲ့ ၁၄ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းလောက်က ၅ ပေါင် ၈ အောင်စအောက် ကလေးမွေးပါတယ်။ ဆေးရုံဆင်းတဲ့အချိန်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် မရှိတဲ့နှုန်းက ကမ္ဘာမှာဆိုရင် တော်တော်များတယ်။ ၄၃ ကနေ ၇၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ပြောကြတယ်ပေါ့နော်။ ချမ်းသာတဲ့နိုင်ငံမှာ အကုန်လုံးဖြည့်ဆည်းတဲ့နိုင်ငံမှာ ရာခိုင်နှုန်းနည်းပြီးတော့ ကျမတို့လို ဆင်းရဲတဲ့နိုင်ငံမှာတော့ ပိုများတာပေါ့နော်။”
ကိုယ်အလေးချိန်မပြည့်မီတဲ့ ကလေးငယ်တွေ မွေးဖွားတာဟာ မိခင်အာဟာရနည်းပါးတာ၊ ကျန်းမာရေးချို့တဲ့တာကြောင့် ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကျန်းမာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။