Home
မြန်မာသတင်း
ရန်ကုန်ရှိ ကျောင်းသား ကျောင်းသူ အများစု ကျန်းမာရေးနှင့် မသင့်လျော်သည့် သရေစာများ စားသုံးနေရ
DVB
·
January 13, 2017
ဆေးသုတေသန ဦးစီးဌာနက ရန်ကုန်မြို့က ကျောင်းသား ကျောင်းသူတွေကို သုတေသနပြုကြည့်တဲ့အခါမှာ ၉၅ ရာခိုင်နှုန်းကျော်ဟာ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ ဆီကြော်မုန့်တွေ၊ အသင့်စား သရေစာတွေကို စားသုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ၇၇ ရာခိုင်နှုန်းဟာလည်း အငန်များတဲ့ အစားအစာတွေကို နှစ်ခြိုက်ပြီး ၅၁ ရာခိုင်နှုန်းကျော်ဟာ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာကို တွေ့ရှိခဲ့ရပါတယ်။  ဒီသုတေသနဟာ မြောက်ဥက္ကလာပမြို့နယ်ထဲက စာသင်ကျောင်း ၁ ကျောင်းနဲ့ အလုံမြို့နယ်ထဲရှိ စာသင်ကျောင်းက ကျောင်းသား ၂၃၀ ကို လေ့လာဆန်းစစ်ခဲ့တာဖြစ်ပါတယ်။ ဒီလို ဆန်းစစ်ခဲ့တဲ့အခါမှာ ကျောင်းသား ကျောင်းသူ ၂၈ ရာခိုင်နှုန်းဟာ သွေးပေါင်ချိန် မြင့်မားနေပြီး ၁၅ ရာခိုင်နှုန်းကျော်ဟာ ကိုယ်အလေးချိန် မြင့်မားတာနဲ့ အဝလွန်တာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ရဲ့ မြို့လယ်ကောင်မှာရှိတဲ့ အလုံမြို့နယ်ထဲက စာသင်ကျောင်းက ကျောင်းသားတွေဟာ မြောက်ဥက္ကလာပက ကျောင်းသားတွေထက် ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာကို တွေ့ခဲ့ရတယ်လို့ စာတမ်းထဲမှာ ဖော်ပြထားပါတယ်။ အဲ့ဒီစာတမ်းထဲမှာပဲ ကျောင်းသားမိခင်တွေရဲ့ ပညာရေးနဲ့ အငန်များတဲ့ အစားအစာကို နှစ်ခြိုက်တာဟာ ဆက်စပ်မှုရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့် စာတမ်းရှင်တွေက ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတပေးတဲ့ လှုပ်ရှားမှုတွေကို အခြေခံစာသင်ကျောင်းတွေမှာ ထည့်သွင်းလုပ်ဆောင်ဖို့အတွက် အကြံပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024